တရုတ်နိုင်ငံမှာ ပဟေဠိဆန်တဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူဦးရေဟာ အစိုးရက တရားဝင်ထုတ်ပြန်ထားမှုထက် သိသာစွာ ပိုမိုများပြားဖွယ်ရှိကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။
(Photo: AFP)
တရုတ် ကျန်းမာရေးတာဝန်ရှိသူတွေက အဆိုပါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ နောက်ထပ်လေးဦး စစ်ဆေးတွေ့ရှိရကြောင်း ယနေ့ (ဇန်နဝါရီ ၁၈ ရက်) ပြောကြားမှု အပါအဝင် တရားဝင် အတည်ပြုထုတ်ပြန်ထားတဲ့ ကူးစက်ခံရသူ အရေအတွက်ဟာ ၄၅ ဦး ဖြစ်ပါတယ်။
သို့သော် တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်စုဝင် အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ အရေအတွက်ဟာ ဇန်နဝါရီ ၁၂ ရက်နေ့အထိ ခန်မှန်းခြေအားဖြင့် ၁,၇၂၃ ဦးအထိ ရှိနိုင်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Imperial College မှ Global Infectious Disease Analysis ရဲ့ သိပ္ပံပညာရှင်တွေက ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်) မှာ ပြောကြားလိုက်ပါတယ်။
သိပ္ပံပညာရှင်တွေက တရုတ်ပြင်ပမှာ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိခဲ့မှုအဖြစ် ထိုင်းနိုင်ငံမှာ နှစ်ဦးနဲ့ ဂျပန်နိုင်ငံမှာ တစ်ဦးတို့ကိုလည်း ထည့်သွင်းတွက်ချက်ထားခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ အမျိုးအမည် မသိနိုင်သေးတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် တရုတ်မှာ လူနှစ်ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ဝူဟန်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှစပြီး စစ်ဆေးတွေ့ရှိရတဲ့ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ဟာ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၁၄ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ အမျိုးအမည် မသိနိုင်သေးတဲ့ SARS ရောဂါဗိုင်းရပ်စ်အုပ်စုဝင် အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ဟာ မိသားစုဝင်များကြား ကူးစက်ပျံ့နှံ့နိုင်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ပြောထားပါတယ်။
(တရုတ်အလယ်ပိုင်းရှိ ဝူဟန်မြို့မြင်ကွင်းတစ်ခု) (Photo: AFP)
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက တရုတ်မှာရောက်နေတဲ့ နိုင်ငံသားတွေအနေနဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေတဲ့ ဝူဟန်မြို့သို့သွားရောက်ပါက တိရိစ္ဆာန်များ၊ တိရိစ္ဆာန်ရောင်းဝယ်တဲ့ဈေးများ သို့မဟုတ် တိရိစ္ဆာန်ထုတ်ကုန်များကို ထိတွေ့ခြင်းမပြုရန် အပါအဝင် အခြား ကြိုတင်ကာကွယ်မှု အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။
ဝူဟန်မှာ ကူးစက်ပျံ့နှံ့နေတဲ့ အဆိုပါ ဗိုင်းရပ်စ်အသစ်ဟာ ကမ္ဘာတစ်ဝှမ်း စိုးရိမ်ပူပန်ခဲ့ကြရဖူးတဲ့ SARS ရောဂါဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်အုပ်စုမှ အသစ်ပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တယ်လို့ WHO က ပြောထားခဲ့ပါတယ်။ ၂၀၀၂-၀၃ ခုနှစ်ကာလက တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့ SARS ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source: AFP, BBC