ဇီးရိုးဘက်ဂျက်နဲ့ဝင်ရောက်လာတဲ့ တရုတ်ခရီးသွားတွေကြောင့် နိုင်ငံတော်ရဲ့ အခွန်အခတွေ ထိခိုက်နေရတာပါ။

ကိုဗစ်ကာလအလွန် ခရီးစဉ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ချိန်မှာ တရုတ်ခရီးသွားတွေ ဇီးရိုးဘက်ဂျက်နဲ့ ဝင်ရောက်လာခြင်းကို လျှော့ချနိုင်ဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြန်လည်စိစစ်သွားမယ်လို့ သိရပါတယ်။

တရုတ်ခရီးသွားဧည့်သည်တွေအနေနဲ့ မြန်မာနိုင်ငံကို မလာရောက်မီမှာ ခရီးစဉ်တစ်ခုလုံးအတွက် ခရီးသွားကုမ္ပဏီတွေကို ကြိုတင်ငွေပေးချေပြီးမှသာ ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ခွင့်ပြုဖို့ စဉ်းစားထားတယ်လို့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်အေးဟန်ကပြောပါတယ်။

ကြိုတင်ငွေပေးချေစနစ်ကို ကျင့်သုံးဖို့ တရုတ်ခရီးသွားကုမ္ပဏီတွေနဲ့ မြန်မာဘက်က ခရီးသွား ကုမ္ပဏီတွေဟာ နှစ်ဦးနှစ်ဘက် ဆွေးနွေးရမှာဖြစ်ပြီး မြန်မာ ကုမ္ပဏီတွေဘက်က လက်ခံရင် တရုတ်ခရီးသွားတွေလာရောက်မယ့် ခရီးစဉ်အသေးစိတ်အပြည့်အစုံကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံ ကြိုပြီးတင်ပြရမှာဖြစ်ပါတယ်။

"ပြန်ဖွင့်ချိန်မှာ prepaid စနစ်ပေါ့၊ သူတို့လည်ပတ်မယ့် ခရီးစဉ်ကိုရွေးချယ်မယ်။ ကုမ္ပဏီက တာဝန်ယူမယ်ဆို ဆရာတို့ သတ်မှတ်ထားတဲ့ လိုက်နာရမယ့်ဟာရှိတယ်။ ဧည့်လမ်းညွှန်ပါရမယ် ။ do and don't တွေ စသဖြင့်ရှိတယ်။ ကုမ္ပဏီက တာဝန်ခံလိုက်ရင် ကွပ်ကဲရတာလွယ်တယ်၊ တစ်ဦးချင်း တစ်ယောက်ချင်းကျတော့ ထိန်းသိမ်း ကွပ်ကဲရတာခက်တယ်၊ ခရီးသွားဘယ်နှစ်ယောက်ဝင်လာမလဲ စာရင်းကို ကြိုတင်တင်ပြရမယ်၊ ဒါ ဆိုဘယ်ရက် ဘယ်သွားမယ် ဘယ်ဟိုတယ် မှာတည်းမယ် စသဖြင့်အကုန်သိရမယ်၊ တစ်ခုခု ဖြစ်ခဲ့ရင် ခေါ်လာတဲ့ ကုမ္ပဏီ နဲ့တိုက်ရိုက်ဖြေရှင်းလို့ရတယ် ။ တရုတ်ဘက်ကနေ ငွေတခါတည်းလွှဲရမယ်ဆိုရင် ဟိုတယ်တွေ ကုမ္ပဏီ တွေလည်း စားပြီးတည်းပြီး အကြွေးတွေ မရသေးဘူးဆိုတာလည်းမရှိတော့ဘူး။ “ လို့ ဦးအောင်အေးဟန်က ပြောပါတယ်။

Photo- ရွှေတိဂုံဘုရားမှာ တွေ့ရတဲ့ တရုတ်ခရီးသွားများ။

တစ်ဦးတစ်ယောက်ချင်းစီထက် အုပ်စုလိုက်ကိုသာ ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ခွင့်ပြုခြင်းက ဇီရိုးဘတ်ဂျက်ကိစ္စကိုလည်း ကာကွယ်နိုင်မှာဖြစ်သလို ခရီးစဉ်အတွင်း အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ရှိပါကလည်း တာဝန်ခံကုမ္ပဏီရှိတာကြောင့် ဖြေရှင်းထိန်းသိမ်းရတာ အဆင်ပြေတယ်လို့သိရပါတယ်။

ဒါကြောင့် တစ်ဦးချင်းတစ်ယောက်ချင်းစီကို ဗီဇာကင်းလွတ်ခွင့်ပေးတာထက် ကုမ္ပဏီကနေ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ Package Tour အုပ်စုလိုက်လာတဲ့ဧည့်သည်တွေကိုပဲ ဗီဇာကင်းလွတ်ခွင့်ပေးဖို့စဉ်းစားထားတယ်လို့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်အေးဟန်ကပြောပါတယ်။

တရုတ်ခရီးသွားတွေကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး တစ်နှစ်သက်တမ်းတိုးနဲ့ ဗီဇာကင်းလွတ်ခွင့် ပေးထားခဲ့တာပါ။ အဆိုပါ ဗီဇာကင်းလွတ်ခွင့်ပြုပြီးနောက် တရုတ်ခရီးသွားဝင်ရောက်မှုတွေ တရှိန်ထိုး တိုးတက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း တရုတ်ခရီးသွားဦးရေ ၇ သိန်းခွဲနီးပါးအထိ ရှိလာခဲ့တယ်လို့လည်း အချက်အလက်တွေ အရသိရပါတယ်။

ဗီဇာကင်းလွတ်ခွင့်နဲ့လာရောက်ကြတဲ့ တရုတ်နိုင်ငံသားတွေဟာ တရုတ်ခရီးသွား အေဂျင်စီတွေကနေ မြန်မာနိုင်ငံရှိ ဝန်ဆောင်မှုအေဂျင်စီတွေကတဆင့် သတ်မှတ်ထားတဲ့ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်၊ စားသောက်ဆိုင် ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေမှာပဲ တည်းခို၊ စားသောက်ရတာဖြစ်ပါတယ်။

တရုတ်ခရီးသွားတွေဟာ မြန်မာနိုင်ငံကို လာရောက်ပြီးကျောက်စိမ်းဝယ်ယူတဲ့အခါမှာတောင် တရုတ်နိုင်ငံရဲ့ အွန်လိုင်းငွေပေးချေမှုစနစ်ဖြစ်တဲ့ Wechat Pay နဲ့ အာလီ Pay တွေကို အသုံးပြုတာကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့အခွန်အခတွေ မရရှိခဲ့ဘူးလို့သိရပါတယ်။

Share

Loading Next Article...
က္က