ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ အနည်းဆုံး လူပေါင်း ၃၀၀ ကျော် သေဆုံးမှု ဖြစ်ပွားပြီးနောက် Apple ဟာ တရုတ်မှာ ရှိတဲ့ Apple Stores ၄၂ ဆိုင်ကို ယာယီပိတ်သွားမယ်လို့ ဆိုပါတယ်။
Apple ဟာ တရုတ်နိုင်ငံအတွင်းက Apple Store ဆိုင်များ ရုံးများနဲ့ စင်တာတွေမှာ လုပ်ငန်းလည်ပတ်မှုကို ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ပိတ်ထားမယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ Apple ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျန်းမာရေးကျွမ်းကျင် ပညာရှင်များရဲ့ အကြံပြုချက်များနဲ့ သတိပေးချက်အမြောက်အများ ထွက်ပေါ်လာပြီးနောက် အခုလို ယာယီ ပိတ်ချလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: The Jakarta Post
တရုတ်ပြည်မကြီးမှာ Store ပေါင်း ၄၂ ဆိုင်နဲ့ လည်ပတ်နေတဲ့ ဒီကုမ္ပဏီဟာ အွန်လိုင်းစတိုးတွေ ဆက်လက်ဖွင့်ထားဦးမှာ ဖြစ်ပြီး ဆိုင်ခန်းတွေပဲ ပိတ်ထားမှာ ဖြစ်ပါတယ်။ တရုတ်ဟာ iPhone နဲ့ တစ်ခြား ထုတ်ကုန်တွေ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပြီး အမေရိကန်နဲ့ ဥရောပ ပြီးရင် Apple ရဲ့တတိယအကြီးဆုံး ဈေးကွက်တစ်ခု ဖြစ်ပါတယ်။
New York Times သတင်းအရ Apple ရောင်းအားရဲ့ ၁၇%ခန့်ဟာ တရုတ်နိုင်ငံ ဈေးကွက်က ဝင်ပြီး လုပ်ငန်းလည်ပတ်ဝင်ငွေရဲ့ ၂၅% ခန့်ကိုလည်း တရုတ်က ရတယ်လို့ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက Apple ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနေတဲ့ Foxconn စက်ရုံကတော့ ပိတ်ထားမယ် မပိတ်သေးဘူး မသိရသေးပါဘူး။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှာ ရှိတဲ့ Nintendo Switch ဂိမ်းစက်ထုတ်လုပ်မှု ထိခိုက်မှု ရှိနေပါတယ်။ Apple ရဲ့ CEO တင်မ်ကွတ်ကလည်း တရုတ်နိုင်ငံကနေ စတင်လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံများ ပြန်ဖွင့်ဖို့အရေး ကြန့်ကြာနိုင်တယ်လို့လည်း ပြောထားပါတယ်။