တရုတ်ဘက်ကဝင်ရောက်လာတဲ့ လေဖိအားရပ်ဝန်းအားကောင်းနေတာကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ ယခုရက်ပိုင်းအတွင်း အအေးပိုလျှက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ (၃)ရက်လောက်စပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ အအေးဒဏ်ကို သိသိသာသာခံစားလာရပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ တရုတ်ဘက်က လေဖိအားရပ်ဝန်းဟာ အားကောင်းလျှက်ရှိနေတာကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ အခုလိုအအေးဒဏ်ကို သိသိသာသာခံစားလာရတာဖြစ်ပါတယ်။
“ အခုရက်ပိုင်းက ပုံမှန်ထက်တော့ အေးတာပေါ့။ အအေးဒဏ်ခံစားရတဲ့ ဒေသချင်းတော့ မတူဘူး။ အခုက တရုတ်ဘက်ကဝင်လာတဲ့ လေဖိအားကကလည်း အားကောင်းနေတယ်။ လေဖိအားရပ်ဝန်းအားကောင်းနေသရွေ့ကတော့ မြန်မာနိုင်အနှံ့အပြားမှာ ဒေသအလိုက်တော့ အအေးပိုနေအုံးမှာပါ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ သန်းနိုင်က Duwun ကိုပြောပါတယ်။
ယခုနှစ်ဆောင်းတွင်းကာလမှာ မြန်မာနိုင်ငံအနှံ့အပြား အအေးဒဏ်ကို နောက်ကျမှခံစားရတာဖြစ်ပါတယ်။ ယခင်နှစ်ဆောင်းတွင်းကာလတွေမှာ နိုဝင်ဘာလလယ်လောက်ကတည်းက အအေးဒဏ်ကို ခံစားရပေမယ့် ဒီနှစ်မှာတော့ ဒီဇင်ဘာ ဒုတိယအပတ်လောက်မှ အအေးဒဏ်ကို သိသိသာသာ ခံစားရတာပါ။
တရုတ်ဘက်ကဝင်ရောက်လာတဲ့ လေဖိအားရပ်ဝန်းအားမကောင်းခဲ့လို့ ဆောင်းဝင်နောက်ကျခဲ့ပြီး လက်ရှိမှာတော့ လေဖိအားရပ်ဝန်းအားကောင်းတဲ့အချိန်ဖြစ်သလို ဒီဇင်ဘာလလည်းဖြစ်တာကြောင့် ဒီလကုန်အထိ အအေးဒဏ်ကိုတော့ပိုမိုခံစားရမှာပါလို့ ဒေါက်တာသန်းနိုင်က ပြောပါတယ်။