ဒုံးကျည်များပျက်စီးခဲ့မှုအတွက် အစားထိုးပေးနေပြီလို့ ရုရှားက ပြောပါတယ်။

အင်္ဂလိပ်ရေလက်ကြား မုန်တိုင်းတစ်ခုကြောင့် ရုရှားနိုင်ငံက တရုတ်သို့ပို့ဆောင်လိုက်တဲ့ S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ ပျက်စီးသွားခဲ့ကြောင်း၊ ယခုအခါ ဒုံးကျည်များ ပျက်စီးခဲ့မှုအတွက် အစားထိုးပေးနေပြီလို့ ရုရှားက ပြောပါတယ်။

(တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်) (Photo: Wiki Commons)

မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဒုံးကျည်များတင်ဆောင်သွားတဲ့ သင်္ဘောဟာ ရုရှားကို ယမန်နှစ် မတ်လအတွင်း ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ S-400 ဒုံးကျည်များတင်ဆောင်သွားတဲ့ အခြား ရုရှားသင်္ဘာနှစ်စီးကတော့ တရုတ်နိုင်ငံကို အဆင်ပြေပြေ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။



တရုတ်သို့ ဒုံးကျည်များရောင်းချမှုကို ရုရှားအစိုးရဝက်ဘ်ဆိုက် Rossiiskaya Gazeta မှာ ဖော်ပြထားခဲ့ပါတယ်။ S-400 ဒုံးကျည်တွေနဲ့ အခြား ရုရှားစစ်လက်နက်တွေ ဝယ်ယူမှုကြောင့် အမေရိကန်က တရုတ်ကို အရေးယူပိတ်ဆို့မှုတွေလည်း ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။

(ဆီးရီးယားမှာ ဖြန့်ကျက်ထားသည့် S-400 ဒုံးကျည်များ) (Photo: AFP)

တရုတ်နိုင်ငံမှက မှာယူထားတဲ့ S-400 လေယာဉ်ပစ်ဒုံးကျည်တွေကို ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးသတ် ပေးပို့နိုင်မယ်လို့ ရုရှားစစ်လက်နက်ထုတ်လုပ်ရေး အကြီးအကဲ ဒီမီထရီ ရှူဂါယက်ဗ်က ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံက ဒုံးကျည်း ၁၂၈ စင်းထက်မနည်းကို လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။

ရုရှားထုတ် S-400 "Truumf" ဒုံးကျည်ဟာ ကမ္ဘာမှာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များအနက် ခေတ်အမီဆုံးတစ်မျိုးလည်း ဖြစ်ပါတယ်။ အဆိုပါ ဒုံးကျည်ဟာ အကွာအဝေး ၂၄၈ မိုင်အထိ ရောက်ရှိနိုင်ပြီး ဒုံးကျည်ပစ်လွှတ်မှုစနစ်က ပစ်မှတ် ၈၀ အထိကို တစ်ပြိုက်နက်တည်း ပစ်ချနိုင်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

(တရုတ်သမ္မတ ရှီကျင်းပင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AFP/Getty Images)

အိန္ဒိယနိုင်ငံကလည်း ယမန်နှစ် အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ S-400 ဒုံးကျည် ၃၂၀ ထက်မနည်းကို ဝယ်ယူရန်အတွက် စာချုပ်ချုပ်ဆိုထားပါတယ်။ S-400 ဒုံးကျည်ပစ်လွှတ်တဲ့ ယာဉ်တစ်စီးမှာ ဒုံးကျည် ၄ စင်းပါရှိပါတယ်။ ရုရှားနိုင်ငံက ဆီးရီးယားစစ်ပွဲအတွင်း Hmeimim ရှိ ၎င်းတို့ရဲ့ လေတပ်အခြေစိုက်စခန်းကို ကာကွယ်ရန်အတွက် S-400 ဒုံးကျည်များ ဖြန့်ကျက်ချထားတယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ အိန္ဒိယနည်းတူ NATO မဟာမိတ်အဖွဲ့ဝင် တူရကီနိုင်ငံကလည်း အမေရိကန်က သတိပေးမှုတွေရှိနေပေမဲ့ ရုရှားထံမှ S-400 ဒုံးကျည်များ ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ အမေရိကန်က တူရကီနဲ့အိန္ဒိယကိုတော့ S-400 ဒုံးကျည်ဝယ်ယူမှုကြောင့် အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခြင်းမရှိသေးပါဘူး။ 

(Infographic: BBC)

S-400 ဒုံးကျည်စနစ်

- ပစ်မှတ်တွေကို တာဝေးစောင့်ကြည့်ရေဒါဖြင့် ထောက်လှမ်းပြီး ဒုံးကျည်ပစ်လွှတ်မှု ဗဟိုဌာနချုပ်ယာဉ်သို့ အချက်အလက်များ ထုတ်လွှင့်ပေးပို့ပြီး ပစ်မှတ်ကို သတ်မှတ်ပါတယ်

- ပစ်မှတ်ကို သတ်မှတ်ပြီးနောက် ဗဟိုဌာနချုပ်ယာဉ်ကနေ ဒုံးကျည်ပစ်လွှတ်ရန် ညွန်ကြားပါတယ်

- လိုအပ်တဲ့ အချက်အလက်တွေကို ဗဟိုဌာနချုပ်ယာဉ်က ပစ်မှတ်ကို ပစ်ခတ်ရန် အကောင်းဆုံးနေရာမှာရှိနေတဲ့ ဒုံးကျည်ပစ်လွှတ်ယာဉ်သို့ ပေးပို့ခြင်းဖြစ်ပြီး ထိုယာဉ်ကနေ မြေပြင်မှဝေဟင်ပစ် S-400 ဒုံးကျည်ကို ပစ်လွှတ်ပါတယ်

- လမ်းကြောင်းပြရေဒါစနစ်က ပစ်မှတ်ကို ဒုံးကျည် အတိအကျ ထိမှန်စေရန် အကူအညီပေးပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က