HIV ပိုး ပါဝင်နေတဲ့ သွေးရည်ကြည်တွေရဲ့ သက်တမ်းဟာ ၂၀၂၁ ခုနှစ်အထိ ဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် ဆေးဝါးကုမ္ပဏီတစ်ခုက သွေးရည်ကြည်ကုထုံးမှာ အသုံးပြုရန်ထုတ်လုပ်ခဲ့တဲ့ သွေးရည်ကြည်ပုလင်း ၁၂,၀၀၀ ကျော်မှာ HIV ပိုး ပါဝင်နေမှု တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: Wikimedia Commons)

Shanghai Xinxing Pharmaceutical ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ အဆိုပါ သွေးရည်ကြည်တွေကို ကုထုံးအတွက် အသုံးမပြုရန် တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးကော်မရှင် (National Health Comission - NHC) က ဖေဖေါ်ဝါရီ ၆ ရက်မှာ ညွှန်ကြားချက်ထုတ်ခဲ့ကြောင်း သိရပါတယ်။ သွေးရည်ကြည်ကုထုံးဟာ သွေးရည်ကြည်ကနေ ထုတ်ယူထားတဲ့ immunooglobulin ပဋိပစ္စည်းကို အဆစ်ရောင်ရောဂါ အပါအဝင် ရောဂါအမျိုးအမျိုးနဲ့ ကင်ဆာရောဂါ အများအပြားကို ကုသရာမှာ အသုံးပြုခြင်းဖြစ်ပါတယ်။



Beijing News မှာ ဖော်ပြမှုအရ Batch Number 20180610Z မှ သွေးရည်ကြည် ၁၂,၂၂၉ ပုလင်းမှာ HIV ပိုး ပါဝင်နေကြောင်းနဲ့ အဆိုပါ သွေးရည်ကြည်တွေရဲ့ သက်တမ်းကုန်ဆုံးရက်ဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်ဖြစ်ကြောင်း သိရပါတယ်။

(Photo: CapitalWatch)

HIV ပိုး ပါဝင်နေတဲ့ သွေးရည်ကြည်ဖြင့် လူနာတွေကို ကုသပေးခဲ့မှု မရှိကြောင်း Jiangxi ဒေသဆိုင်ရာ ရောဂါထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ HIV ပိုး ပါဝင်နေတဲ့ သွေးရည်ကြည်ဖြင့် ကုသမှုခံယူခဲ့သူတွေဟာ HIV ကူးစက်ခံရနိုင်ခြေ အလွန်နည်းတယ်လို့ ဆေးဝါးကျွမ်းကျင်သူတွေကို ကိုးကားပြီး NHC က ပြောခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ သွေးရည်ကြည်တွေမှာ HIV ပါဝင်နေကြောင်း သိရှိရပြီးနောက် စောင့်ကြည့်အစီအစဉ်ကို စီစဉ်ထားတယ်လို့လည်း NHC က ထုတ်ပြန်ပါတယ်။ Shanghai Xinxing Pharmaceutical ကုမ္ပဏီကိုလည်း သွေးရည်ကြည်ထုတ်လုပ်မှု ရပ်ဆိုင်းထားရန် နဲ့ HIV ပိုး ပါဝင်နေတဲ့ သွေးရည်ကြည်ပုလင်းတွေကို အရေးပေါ် ပြန်လည်သိမ်းဆည်းရန် ညွန်ကြားချက်ထုတ်ခဲ့ပါတယ်။



(Photo: Shanghai Xinxing Pharmaceutical)

HIV ပိုး ပါဝင်နေတဲ့ သွေးရည်ကြည်တွေကို သိမ်းဆည်းထားသင့်တယ်လို့ NHC က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဆက်စပ်နေတဲ့ ထုတ်လုပ်မှုနဲ့ စစ်ဆေးမှုမှတ်တမ်းတွေကိုလည်း ပြင်ဆင်ပြောင်းလဲမှုမရှိစေရန် ထိန်းသိမ်းထားရမယ်လို့ NHC က ညွှန်ကြားခဲ့ပါတယ်။ သွေးရည်ကြည်ထုတ်လုပ်တဲ့ ဆေးဝါးစက်ရုံသို့ ဆေးဘက်ဆိုင်ရာထုတ်ကုန်ပစ္စည်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ စေလွှတ်တဲ့ ကျွမ်းကျင်သူတွေက စစ်ဆေးမှုပြုလုပ်ရန်အတွက် လုပ်ငန်းများကို ဆိုင်းငံ့ထားရမယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဟာ လတ်တလော လပိုင်းအတွင်း နာမည်ဆိုးထွက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၂ ရက်နေ့ကလည်း ယမန်နှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ ကာကွယ်ဆေးကိစ္စနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုဖြင့် အစိုးတာဝန်ရှိသူ ၈၀ ကျော်ကို အရေးယူခဲ့ပါတယ်။

(Photo: Reuters)

တရုတ်နိုင်ငံမှာ ခွေးရူးပြန်ကာကွယ်ဆေး အဓိက ထုတ်လုပ်နေတဲ့ Changchun Changsheng Biotechnology ကုမ္ပဏီဟာ ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများ လုပ်ကြံဖန်တီးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ယမန်နှစ် အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း တရုတ်အရှေ့ပိုင်း Jiangsu ပြည်နယ်မှာ ကလေးငယ် ၁၄၅ ဦးထက်မနည်းကို သက်တမ်းကုန်ဆုံးနေတဲ့ ပိုလီယိုကာကွယ်ဆေးများ ထိုးနှံပေးခဲ့မှုကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း The Global Times သတင်းက ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က