မောင်းသူမဲ့ကား တီထွင်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမှာပါ

ဂွမ်ကျိုးအခြေစိုက် Pony.ai မောင်းသူမဲ့ကားကုမ္ပဏီဟာ Toyota ရဲ့ ရင်းနှီးမြှပ်နှံမှု ရရှိပြီးနောက် ဒေါ်လာ ၃ ဘီလျံတန် startup တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဂျပန်ကားကုမ္ပဏီ Toyota Motor ဟာ Pony.ai မှာ ဒေါ်လာ ၄၆၂ သန်း ရင်းနှီးမြှပ်နှံခဲ့တာ ဖြစ်တယ်လို့ South China Morning Post သတင်းက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ တန်ဖိုးအကြီးဆုံး မောင်းသူမဲ့ကုမ္ပဏီ Pony.ai ကို ၂၀၁၆ ခုနှစ်မှာ Google ရဲ့ အကြီးတန်းအင်ဂျင်နီယာနှစ်ဦးက တည်ထောင်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီရဲ့ Robotaxi ဝန်ဆောင်မှုတွေကို တရုတ်နိုင်ငံ နဲ့ အမေရိကန်နှစ်နိုင်ငံစလုံးမှာ စတင်နေပါတယ်။

Photo: The Verge

Toyota နဲ့ Pony.ai ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းပြီး ၂၀၁၉ ဩဂုတ်လက တရုတ်နိုင်ငံမှာ မောင်းသူမဲ့ကားများကို လမ်းပေါ် စမ်းသပ်မောင်းနှင်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ အခုလို ထပ်မံ ရင်းနှီးမြှပ်နှံမှုသစ်ကြောင့် ကုမ္ပဏီနှစ်ရပ်ရဲ့ ဆက်ဆံရေးဟာ ပိုပြီး နီးစပ်လာမှာ ဖြစ်သလို မိုဘိုင်းဝန်ဆောင်မှုတွေလိုမျိုး ထုတ်ကုန်တွေ ပူးတွဲထုတ်လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေကို ဈေးကွက်ထဲ မြန်မြန်ဆန်ဆန် ချပြနိုင်မှာပေါ့ ။ ကားတွေ တည်ဆောက်ရာမှာ ကျွန်တော်တို့အနေနဲ့ ငွေပိုသုံးနိုင်ပါလိမ့်မယ်။" လို့ Pony.ai ရဲ့ အမှုဆောင်အရာရှိချုပ် ဂျိမ်းစ်ပန်က Bloomberg TV နဲ့ တွေ့ဆုံခန်းမှာ ပြောပါတယ်။

Photo: Reuters


Pony.ai ဟာ ၂၀၁၈ နှောင်းပိုင်းက စလို့ ဘေဂျင်းနဲ့ ဂွမ်ကျိုး ၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့် နဲ့ အာဗင်းတို့မှာ စက်ရုပ်တက္ကစီလို့ ခေါ်တဲ့ မောင်းသူမဲ့ကားတွေ စမ်းသပ်မှု လုပ်ဆောင်လာနေတာပါ။ Pony.ai ဟာ တရုတ်နိုင်ငံမှာ မောင်းသူမဲ့ကား အော်ပရေးရှင်း ပထမဆုံး လုပ်ဆောင်ခဲ့သလို အများပြည်သူအကြား မောင်းသူမဲ့ကား ဝန်ဆောင်မှု စတင်ခဲ့တဲ့ Startup တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Toyota ဟာ ၂၀၁၈ ခုနှစ်ကလည်း Uber နဲ့ မောင်းသူမဲ့ကား ပူးပေါင်း တီထွင်ရေးအတွက် ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှပ်နှံဖို့ သဘောတူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မောင်းသူမဲ့ကားနဲ့ ပတ်သက်ပြီး သဘောတူညီမှုပေါင်း ၃၂၃ ခု ရှိခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁၄.၆ ဘီလျံအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က