Samsung Display ဟာ တရုတ်နိုင်ငံ Suzhou မှ LCD display ထုတ်လုပ်မှုလုပ်ငန်းတစ်ခုကို တရုတ် display ကုမ္ပဏီတစ်ခုဖြစ်တဲ့ TCL Technology ဆီ ရောင်းချလိုက်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားအခြေစိုက် Samsung Electronics ပိုင် လုပ်ငန်းတစ်ခုဖြစ်တဲ့ Samsung Display ဟာ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ LCD panel ထုတ်လုပ်မှု ရပ်နားသွားဖို့ စီစဉ်ထားပါတယ်။ Samsung အနေနဲ့ LED panels နဲ့ မျိုးဆက်သစ် Quantum Dot (QD) Panels ထုတ်လုပ်မှုပိုင်းကို အာရုံစိုက်လာနေတယ်လို့လည်း Gizmochina သတင်းက ဆိုပါတယ်။
Photo: businesskorea
Samsung ဟာ Suzhou မှာ ရှိတဲ့ LCD panel ထုတ်လုပ်ရေးလုပ်ငန်းကို TCL Technology ရဲ့ လက်အောက်ခံ လုပ်ငန်းတစ်ခု ဖြစ်တဲ့ TCL Huaxing ကို ရှယ်ယာအပြတ်ရောင်းချဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ကြေညာထားပါတယ်။ ရှယ်ယာတစ်ခုလုံးရဲ့ အရောင်းအဝယ်တန်ဖိုးဟာဒေါ်လာ ၁.၀၈ ဘီလျံ ဝန်းကျင် ရှိမှာ ဖြစ်ပါတယ်။
TCL Huaxing ဟာ Samsung ရဲ့ Suzhou စက်ရုံ front-end ထုတ်လုပ်မှုပိုင်း ရှယ်ယာ ၆၀% နဲ့ နောက်ကွယ် Back-end Module ထုတ်လုပ်မှုပိုင်း ရှယ်ယာအားလုံး ရရှိမှာပါ။ သဘောတူညီချက်အရ Samsung Display ဟာ TCL Huaxing ထဲမှ ရှယ်ယာ ၁၂.၃၃% ကို ဒေါ်လာ ၇၃၉ သန်းနဲ့ ပြန်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Photo: Gizchina
ဒီအရောင်းအဝယ်ကြောင့် Samsung Display ဟာ TCL Huaxing ရဲ့ ဒုတိယအကြီးဆုံးရှယ်ယာရှင် ဖြစ်လာမှာပါ။ လက်ရှိမှာတော့ TCL Technology ဟာ TCL Huaxing မှာ ရှယ်ယာ ၈၀.၂၈%နဲ့ အကြီးဆုံး ရှယ်ယာရှင်အဖြစ် ရပ်တည်နေပါတယ်။
Suzhou စက်ရုံဟာ တစ်လကို display မှန်ပြားပေါင်း ၁ သိန်း ၆ သောင်းအထိ ထုတ်လုပ်နိုင်ပြီး လက်ရှိမှာ တစ်လကို glass sheet ပေါင်း ၁၂၀၀၀၀ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံကနေ ဈေးကွက်ထဲမှာ ရှိတဲ့ ထုတ်ကုန်တွေအတွက် ၃၂ လက်မ ၊ ၅၅ လက်မနဲ့ ၆၅ လက်မ panel တွေ ထုတ်လုပ်ပေးနေပါတယ်။