ဗိုင်းရပ်စ်အသစ်ကူးစက်ခံရမှုကြောင့် တရုတ်မှာ လူ ၁၇ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေမှုကြောင့် ဗိုင်းရပ်စ်စတင်တွေ့ရှိရာ နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့အပြင် မိုင် ၅၀ နီးပါးအကွာရှိ ဟွမ်ဂန်းမြို့ (Huwnggang) မှာလည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းထားပြီး အဝင်အထွက် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

ထို့အတူ အီဇူးမြို့ (EZhou) မှာလည်း အဝင်အထွက် ကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။ ထိုမြို့များအနက် ဝူဟန်မြို့မှာ လူဦးရေ ၁၁ သန်း၊ ဟွမ်ဂန်းမှာ လူဦးရေ ၆ သန်းကျော်နဲ့ အီဇူးမှာ လူဦးရေတစ်သန်းကျော် နေထိုင်ကြကြောင်း သိရပါတယ်။



ဝူဟန်မှာ စတင်တွေ့ရှိရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထား ဗိုင်းရပ်စ်အသစ်ကူးစက်ခံရမှုကြောင့် ယနေ့ (ဇန်နဝါရီ ၂၃ ရက်) အထိ တရုတ်မှာ လူ ၁၇ ဦး သေဆုံးခဲ့ပြီး လူ ၆၂၈ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အစိုးရက အတည်ပြုထားပါတယ်။

(Photo: Sky News)

ဒါ့အပြင် တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့အထိ ထိုင်းမှာ ၄ ဦး၊ ဂျပန်မှာ တစ်ဦး၊ တောင်ကိုရီးယားမှာ တစ်ဦး၊ ထိုင်ဝမ်မှာ တစ်ဦး၊ အမေရိကန်မှာ တစ်ဦး၊ ဟောင်ကောင်မှာ နှစ်ဦး၊ မကာအိုမှာ နှစ်ဦးနဲ့ စင်ကာပူမှာ တစ်ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။ ဝူဟန်မှာ စတင်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။

မြွေနဲ့ လင်းနို့များမှ ဗိုင်းရပ်စ်ကူးစက်မှု စတင်ခဲ့ကြောင်း သတင်းထွက်ပေါ်နေပေမဲ့ တာဝန်ရှိသူတွေက အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။

(Photo: NBC News)

ယခုရက်ပိုင်း တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံသားများ ခရီးသွားလာမှု မြင့်တက်လာမှာဖြစ်ရာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ကမ္ဘာတစ်ဝှမ်း နိုင်ငံတွေက တရုတ်ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် အစီအစဥ်များ တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။

WHO က ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာရန် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်နေကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: AFP)

ယခု ဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။

ဗိုင်းရပ်စ်စတင်တွေ့ရှိရတဲ့ ဝူဟန်မြို့ရဲ့ အရေးပါတဲ့ အချက်အလက်အချို့

  • လူဦးရေ ၁၁ သန်း နေထိုင်ကြပါတယ်
  • အပတ်စဥ် ပြည်တွင်းလေကြောင်းခရီးစဥ်များအဖြစ် ဘေဂျင်း (Beijing) သို့ ၁၁၁ ကြိမ်၊ ချန်ဒူး (Chengdu) သို့ ၉၃ ကြိမ်၊ ဂွမ်ဇူး (Guangzhou) သို့ ၈၄ ကြိမ်နဲ့ ဟိုင်ကူး (Haikou) သို့ ၈၃ ကြိမ် ပျံသန်းပါတယ်
  • နိုင်ငံတကာလေကြောင်းခရီးစဥ်များအဖြစ် တစ်လလျှင် ဘန်ကောက်သို့ အကြိမ် ၁၄၀၊ ဂျပန်သို့ အကြိမ် ၆၀၊ ဒူဘိုင်းသို့ ၁၇ ကြိမ်၊ နယူးယော့ခ်သို့ ၁၄ ကြိမ်နဲ့ ဆန်ဖရန်စစ္စကိုသို့ ၁၃ ကြိမ် ပျံသန်းပါတယ်
  • ဝူဟန်မြို့ကနေ အစ္စတန်ဘူလ်၊ လန်ဒန်၊ မော်စကို၊ ပါရီနဲ့ ရောမ အပါအဝင် ဥရောပမြို့ကြီးများသို့လည်း တိုက်ရိုက် လေကြောင်းခရီးစဥ်တွေ ရှိပါတယ်
  • ဝူဟန်မြို့မှာ ရထားဘူတာရုံ သုံးခုရှိပြီး ဘေဂျင်းနဲ့ တရုတ်တောင်ပိုင်းမြို့ ဂွမ်ဇူးကဲ့သို့ အဓိကမြို့ကြီးများကို အမြန်ရထားခရီးစဥ်များ ပြေးဆွဲပါတယ်
  • ဝူဟန်မြို့ဟာ ယန်ဇီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းရဲ့ Three Gorges ရေလှောင်တမံကြီးသို့ အဝင်အထွက်နေရာ ဖြစ်ပါတယ်
  • ဝူဟန်မြို့မှာ ကြီးမားတဲ့ East ရေကန်နဲ့ Tangxun ရေကန်ကဲ့သို့ ရေကန်များ၊ တောင်တန်းများနဲ့အတူ စတုရန်းမိုင် ၃,၂၀၀ ကျော် ကျယ်ဝန်းပါတယ်
  • ဝူဟန်မြို့မှာ ပြင်သစ်နိုင်ငံမှာ ကားထုတ်လုပ်ရေးလုပ်ငန်း အများအပြားက လာရောက်ရင်းနှီးမြှုပ်နှံထားပါတယ်၊ Renault နဲ့ Peugeto ကုမ္ပဏီများ အပါအဝင် ပြင်သစ် ကားထုတ်လုပ်ရေးလုပ်ငန်း ၈၀ ကျော် ဝူဟန်မှာရှိပါတယ်

(Photo: AFP)

2019-nCoV ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာအချို့

  • WHO က ရည်ညွှန်းသတ်မှတ်ထားတဲ့ 2019-nCoV ဗိုင်းရပ်စ်ဟာ ယခင်က လူသားတွေမှာ မတွေ့ခဲ့ရဖူးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်ပါတယ်။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ ဗိုင်းရပ်စ် (coronavirus) တွေဟာ ဗိုင်းရပ်စ်အများအပြားပါဝင်တဲ့ အုပ်စုမှဖြစ်ပြီး ယခင်က ထိုအုပ်စုထဲမှ ဗိုင်းရပ်စ်ခြောက်မျိုးသာ လူတွေကို ကူးစက်ခဲ့ဖူးပါတယ်။ ယခု တရုတ်မှာ ကူးစက်ပျံ့နှံ့နေတဲ့ 2019-nCoV ဗိုင်းရပ်စ်က လူတွေကို ကူးစက်တဲ့ ခုနစ်ခုမြောက် ဗိုင်းရပ်စ်ဖြစ်လာပါတယ်။
  • 2019-nCoV ဗိုင်းရပ်စ်ရဲ့ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ခြေ အများဆုံးလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ ထိုဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ လျင်မြန်စွာကူးစက်နိုင်ပါတယ်။
  • ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ အပါအဝင် ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  • 2019-nCoV ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိရိစ္ဆာန်တွေကို အကာအကွယ် မလုပ်ထားဘဲ ထိတွေ့ခြင်း မပြုရန်၊ အသားနဲ့ ဥတွေကို သေချာစွာ ချက်ပြုတ်ကြရန်နဲ့ အအေးမိ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာရှိနေသူတွေနဲ့ အနီးကပ် ထိတွေ့နေထိုင်ခြင်း မပြုရန် အကြံပြုထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က