COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကို ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရပါတယ်။

တရုတ်ပြည်မကြီးမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်အသစ်ကြောင့် သေဆုံးသူအရေအတွက် ၁၂၁ ဦး ထပ်မံတိုးမြင့်လာခဲ့ကြောင်း ကျန်းမာရေးကော်မရှင်က ယနေ့ (ဖေဖေါ်ဝါရီ ၁၄ ရက်) ထုတ်ပြန်ပါတယ်။

(Photo: Reuters)

COVID-19 ဗိုင်းရပ်စ်လို့ အမည်သတ်မှတ်ထားပြီဖြစ်တဲ့ တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများစုဟာ ဟူဘေးပြည်နယ်နဲ့ ၎င်းရဲ့မြို့တော် ဝူဟန်မြို့မှ ဖြစ်ပါတယ်။ COVID-19 ဗိုင်းရပ်စ်ကို တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။



ဖေဖေါ်ဝါရီ ၁၄ ရက်မှာ တရုတ်ကျန်းမာရေးကော်မရှင်က အတည်ပြုထုတ်ပြန်မှုအရ ဗိုင်းရပ်စ်ကြောင့် ဝူဟန်မြို့မှာ ၈၈ ဦး အပါအဝင် ဟူဘေးပြည်နယ် အတွင်း စုစုပေါင်း ၁၁၆ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရပါတယ်။ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရသူ နောက်ထပ် ၅,၀၉၀ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ ဟူဘေးပြည်နယ်မှ ၄,၈၂၃ ဦးဖြစ်ကြောင်းလည်း တရုတ်ကျန်းမာရေးကော်မရှင်က ပြောပါတယ်။

(Photo: AFP)

ဟူဘေးပြည်နယ်မှာ နောက်ထပ် တွေ့ရှိရတဲ့ ကူးစက်ခံရသူတွေအနက် ငါးပုံလေးပုံဟာ ဝူဟန်မြို့မှ ဖြစ်တယ်လို့ဆိုပါတယ်။ COVID-19 ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ကျန်းမာရေးဝန်ထမ်း ၆ ဦး သေဆုံးခဲ့ပြီး ၁,၇၁၆ ဦး ကူးစက်ခံထားရကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၁၄ ရက် ညနေပိုင်းအထိ စာရင်းအချက်အလက်တွေအရ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၃၈၄ ဦးရှိလာပြီး ကူးစက်ခံထားရသူ ၆၄,၄၄၄ ဦးအထိ မြင့်တက်လာကြောင်း CNA သတင်းက ဖော်ပြပါတယ်။ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ၁,၃၈၀ ဦး၊ ဟောင်ကောင်မှာ ၁ ဦး၊ ဂျပန်မှာ ၁ ဦးနဲ့ ဖိလစ်ပိုင်မှာ ၁ ဦး သေဆုံးခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၁၄ ရက် ညနေပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၃,၈၅၁ ဦးရှိလာပါတယ်။

(Photo: AFP)

တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ဖေဖေါ်ဝါရီ ၁၄ ရက် ညနေပိုင်းအထိ ဂျပန်ကမ်းလွန် ပင်လယ်ပြင်ရှိ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ၂၁၉ ဦး၊ စင်ကာပူမှာ ၆၇ ဦး၊ ဟောင်ကောင်မှာ ၅၁ ဦး၊ ထိုင်းမှာ ၃၃ ဦး၊ ဂျပန်မှာ ၃၂ ဦး၊ တောင်ကိုရီးယားမှာ ၂၈ ဦး၊ မလေးရှားမှာ ၁၉ ဦး၊ ထိုင်ဝမ်မှာ ၁၈ ဦး၊ ဂျာမနီမှာ ၁၆ ဦး၊ ဩစတြေးလျမှာ ၁၅ ဦး၊ အမေရိကန်မှာ ၁၅ ဦး၊ ဗီယက်နမ်မှာ ၁၅ ဦး၊ ပြင်သစ်မှာ ၁၁ ဦး၊ မကာအိုမှာ ၁၀ ဦး၊ ဗြိတိန်မှာ ၉ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၈ ဦး၊ ကနေဒါမှာ ၇ ဦး၊ အိန္ဒိယမှာ ၃ ဦး၊ အီတလီမှာ ၃ ဦး၊ ဖိလစ်ပိုင်မှာ ၃ ဦး၊ ရုရှားမှာ ၂ ဦး၊ စပိန်မှာ ၂ ဦး၊ ဘယ်လ်ဂျီယံမှာ ၁ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

(Photo: AFP)

ဖေဖေါ်ဝါရီ ၁၄ ရက် ညနေပိုင်းအထိ စာရင်းတွေအရ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးကုသမှုဖြင့် ပြန်လည်သက်သာလာသူ ကမ္ဘာတစ်ဝှမ်းမှာ ၇,၁၅၅ ဦးရှိကြောင်းလည်း သိရပါတယ်။ COVID-19 ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က