ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူဦးရေ ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာပါတယ်။

တရုတ်မှာ စတင်တွေ့ရှိပြီး ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူအရေအတွက် ၈၁ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၂၇ ရက်) အတည်ပြု ပြောကြားပါတယ်။

(Photo: AFP)

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှု ထိန်းချုပ်နိုင်ရန် တရုတ်မှာ နှစ်သစ်ကူးအားလပ်ရက်တိုးထားပြီး နောက်ထပ် စီးပွားရေးလုပ်ငန်းကြီးများကို ပိတ်ပင်ထားစေခြင်း သို့မဟုတ် ဝန်ထမ်းတွေကို နေအိမ်မှသာ အလုပ်လုပ်စေခြင်းတို့ စီမံဆောင်ရွက်ထားပါတယ်။ ယနေ့အထိ တရုတ်မှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူဦးရေဟာ ၂,၇၀၀ ကျော်ရှိလာခဲ့ပြီး ထက်ဝက်ခန့်ဟာ ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်အတွင်းမှ ဖြစ်ပါတယ်။ ဟူဘေးပြည်နယ်မှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၅၆ ဦးမှ ၇၅ ဦးသို့ မြင့်တက်လာခဲ့ကြောင်းလည်း သိရပါတယ်။ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ယခင်ကထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။



(Photo: Reuters)

တရုတ်ပြည်မကြီးပြင်ပမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ စစ်ဆေးတွေ့ရှိလာရပြီး ယနေ့အထိ တရုတ်ပြည်မကြီးနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းအရေအတွက် ၃,၀၀၀ နီးပါး (၂,၈၁၈ ဦး) ရှိလာခဲ့ပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့အထိ ဟောင်ကောင်မှာ ရှစ်ဦး၊ ထိုင်းမှာ ရှစ်ဦး၊ ဩစတြေးလျမှာ ငါးဦး၊ မကာအိုမှာ ငါးဦး၊ အမေရိကန်မှာ ငါးဦး၊ စင်ကာပူမှာ ငါးဦး၊ ဂျပန်မှာ လေးဦး၊ မလေးရှားမှာ လေးဦး၊ ပြင်သစ်မှာ သုံးဦး၊ ထိုင်ဝမ်မှာ သုံးဦး၊ တောင်ကိုရီးယားမှာ သုံးဦး၊ ဗီယက်နမ်မှာ နှစ်ဦး၊ နီပေါမှာ တစ်ဦးနဲ့ ကမ္ဘောဒီးယားမှာ တစ်ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

(Photo: The Central Hospital Of Wuhan/Reuters)

ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး သိရှိနားလည်မှုဟာ အကန့်အသတ်ရှိခဲ့ကြောင်းနဲ့ ဗိုင်းရပ်စ်ရဲ့ သန္ဓေပြောင်းလဲမှုတွေကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးအန္တရာယ်များကို အတိအကျ မသိသေးဘူးလို့ တရုတ်ကျန်းမာရေးကော်မရှင် အကြီးအကဲ Ma Xiaowei က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

၎င်းရဲ့အဆိုအရ ဗိုင်းရပ်စ်အသစ်ဟာ ရှင်သန်ပေါက်ပွားရန် တစ်ရက်မှ ၁၄ ရက် ကြာမြင့်နိုင်ရာ ထိုကာလအတွင်း ကူးစက်နိုင်တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးဟာ ရောဂါလက္ခဏာ တစ်စုံတရာ မပြသမီအတွင်း အခြားလူများထံ ကူးစက်နိုင်တာမျိုး ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်ခံရမှု စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ကို WHO က က Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထားပါတယ်။

(Photo: AP)

ထိုဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်နေမှုတွေ ပိုမိုဖြစ်ပွားလာပြီးနောက် တရုတ်နိုင်ငံတစ်ဝှမ်း တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်ခြင်းကို အာဏာပိုင်တွေက တားမြစ်မိန့်ထုတ်ပြန်လိုက်ကြောင်းလည်း Reuters သတင်းမှာ ဖော်ပြပါတယ်။

2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ဗိုင်းရပ်စ် စတင်တွေ့ရှိတဲ့ ဝူဟန်မြို့မှာ လူနာများပြားနေတာကြောင့် ကုတင် ၁,၀၀၀ ဆေးရုံတစ်ရုံကို အမြန်ဆောက်လုပ်နေပါတယ်။

(Photo: AFP)

ထိုအတောအတွင်း တရုတ်ပညာရှင်တွေက ဗိုင်းရပ်စ်အသစ်အတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် အားထုတ်ဆောင်ရွက်နေကြောင်းနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး ပထမဆုံး ကုသပျောက်ကင်းခဲ့ကြောင်းလည်း သိရပါတယ်။ ယခုဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း လူ ၈၀၀ နီးပါး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က