တရုတ်ပြည်မကြီးမှာ COVID019 ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးသူ ၇၁ ဦးရှိခဲ့ကြောင်း ယနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) ထုတ်ပြန်ခဲ့ပြီး သီတင်းနှစ်ပတ်အတွင်း နေ့စဥ် သေဆုံးမှုအရေအတွက် အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။
တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၂,၆၆၃ ဦးရှိလာခဲ့ပါတယ်
(Photo: AFP)
ယနေ့ မနက်ပိုင်းအထိ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၂,၆၆၃ ဦးရှိလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် စုစုပေါင်း ၂,၇၀၁ ဦးအထိ မြင့်တက်လာပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အဓိကဖြစ်ပွားနေတဲ့ တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ်မှာ နောက်ထပ် သေဆုံးသူ ၆၈ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိရာ ဟူဘေးမြို့တော် ဝူဟန်မြို့မှ ၅၆ ဦး ပါဝင်ခဲ့ပါတယ်။
တရုတ်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်မှုအရ နောက်ထပ် လူ ၅၀၈ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု တွေ့ရှိခဲ့ရပြီး ၎င်းတို့အားလုံးဟာ ဟူဘေးပြည်နယ်မှဖြစ်ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှုဟာ တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၂၄ ရက်) က ၄၀၉ ဦးဖြစ်ခဲ့ပြီး ကူးစက်ခံရသူဦးရေ မြင့်တက်လာခဲ့ပါတယ်။
(Photo: AFP)
ယနေ့ မနက်ပိုင်းအထိ တရားဝင် စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ COVID019 ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇၇,၆၅၈ ဦးရှိလာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် စုစုပေါင်းဟာ ယနေ့ မနက်ပိုင်းအထိ ၈၀,၁၂၄ ဦးဖြစ်ကြောင်း သိရပါတယ်။ ထိုအတောအတွင်း COVID019 ဗိုင်းရပ်စ်မှုဟာ ကမ္ဘာအနှံ့ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၄ ရက်မှာ သတိပေး ပြောကြားခဲ့ပါတယ်။
COVID019 ဗိုင်းရပ်စ်ကူးစက်မှု အများစုဟာ တရုတ်ပြည်မကြီးမှာဖြစ်ပေမဲ့ လတ်တလော ရက်ပိုင်းအတွင်း တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်ကဲ့သို့ အခြားနိုင်ငံတွေမှာလည်း ကူးစက်မှုနှန်း မြင့်တက်လာခဲ့ရာ ဗိုင်းရပ်စ်ကူးစက်မှု အတိုင်းအတာဟာ ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ pandemic အဆင့် ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
(Photo: Stephen Shaver/UPI)
ဗိုင်းရပ်စ်ကူးစက်မှုဟာ လူတစ်ဦးမှတစ်ဦးသို့ ကမ္ဘာ့နေရာနေရာဒေသ အများအပြားမှာ ဖြစ်ပွားလာပါက pandemic အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။ ယခုအချိန်အထိ COVID019 ဗိုင်းရပ်စ်ကူးစက်မှုကို နိုင်ငံအချို့ရှိ လူအများအပြားမှာ ဖြစ်ပွားနေတဲ့ outbreak အဆင့်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ COVID019 ဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ pandemic အဆင့်အဖြစ် သတ်မှတ်ရန် စောလွန်းနေသေးကြောင်း၊ သို့သော် ကမ္ဘာ့နိုင်ငံများအနေနဲ့ ထိုသို့ဖြစ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အဆင့်ကိုရောက်ရှိနေပြီလို့ WHO က ပြောကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။
ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID019 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို WHO က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေခဲ့ပါတယ်။