TikTok ရဲ့ တရုတ်ဗားရှင်း Douyin ကို နေ့တိုင်း အသုံးပြုနေသူဦးရေဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကထက် ၆၀% တက်လာခဲ့ပါတယ်။
TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကနေ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ Douyin app ကို နေ့စဉ်အသုံးပြုသူပမာဏဟာ သန်း ၄၀၀ အထိ ရှိနေပြီလို့ ဖော်ပြထားပါတယ်။ ။ TechCrunch သတင်းမှာတော့ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလက ဒီဗွီဒီယို app ကို နေ့စဉ် အသုံးပြုနေသူဦးရေဟာ သန်း ၂၅၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Photo: Tech Crunch
၂၀၁၉ ဇူလိုင်လအထိ Douyin ကို နေ့စဉ်သုံးသူ DAUs ပမာဏဟာ သန်း ၃၂၀ ခန့် ရှိခဲ့ပါတယ်။ Douyin ဟာ တရုတ်နိုင်ငံ ပြည်မကြီးမှာပဲ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ အသိပညာပေးဗွီဒီယိုတိုပေါင်း ၁၄.၈၉ သန်းကို ဒီ app ပေါ်ကနေ ပြန်လည်မျှဝေခဲ့ကြတယ်လို့ ဆိုပါတယ်။
ByteDance ဟာ Douyin သုံးသူတွေရဲ့ အပြုအမူနဲ့ အနေအထားတွေပါ လေ့လာမှု လုပ်ခဲ့ပါတယ်။ အသက် ၅၀ နဲ့ အထက် သုံးစွဲသူတွေဟာ Douyin ပေါ်မှာ ကိုယ်တိုင်ရိုက်ထားတဲ့ ကခုန်နေတဲ့ ဗွီဒီယိုတင်ခြင်းနဲ့ တစ်ခြားသူတွေရဲ့ မင်္ဂလာပွဲဗွီဒီယိုဖိုင်တွေ ကြည့်ခြင်းမျိုးကို ပိုလုပ်ကြပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မွေးဖွားခဲ့တဲ့ လူငယ်တွေကတော့ anime နဲ့ အိမ်မွေးတိရစ္ဆာန်တွေ ကြည့်ရတာ ပိုသဘောကျတယ်လို့ ဖော်ပြထားပါတယ်။
Photo: emarketer
ဘေဂျင်းဟာ Douyin app ကို အများဆုံး သုံးတဲ့ မြို့ဖြစ်ပြီး ဒီနောက်မှာတော့ လျောင်နင်း ၊ ရှန်ဟိုင်း ၊ ဂျီလင်နဲ့ ဟေလောင်ဂျင်း မြို့တို့က ဒီ app ကို အများဆုံးအသုံးပြုကြတယ်လို့ ဆိုပါတယ်။ eMarketer ရဲ့ အချက်အလက်များအရ တရုတ်မိုဘိုင်းလူမှုကွန်ရက်သုံးစွဲသူများရဲ့ ၆၇.၉% နဲ့ စမတ်ဖုန်းသုံးသူများရဲ့ ၅၉% ဟာ Douyin app ကို သုံးနေကြပြီး ၂၀၂၀ ပြည့်နှစ်မှာ ၆၈.၃% နဲ့ ၅၉.၆% စီ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
Douyin ရဲ့ နိုင်ငံတကာဗားရှင်းဖြစ်တဲ့ TikTok ကတော့ အချက်အလက်လုံခြုံရေးပြဿနာ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။ မကြာသေးခင်ကပဲ TikTok ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရုတ်ကို ပေးပို့နေတယ်လို့ အမေရိကန်လွှတ်တော်အမတ်တွေက သတိပေးမှုတွေ လုပ်ဆောင်ခဲ့သလို အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တွေကိုလည်း ဖုန်းတွေမှာ TikTok ထည့်မထားဖို့ ညွှန်ကြားထားပါတယ်။