တရုတ်မှာ မိုးသည်းထန်မှု ဆက်လက်ဖြစ်ပေါ်နေပြီး နိုင်ငံတစ်ဝန်း မြစ်ရေများတိုးလာနေရာ ရေကြီးမှုအန္တရာယ် လျော့ပါးသက်သာစေရန် အရှေ့ပိုင်းဒေသ Anhui ပြည်နယ်ရှိ ရေကာတာတစ်ခုကို ချိုးဖျက်ပြီး ရေများဖောက်ထုတ်ခဲ့ရကြောင်း ဒေသခံမီဒီယာက ယနေ့ (ဇူလိုင် ၂၀ ရက်) သတင်းဖော်ပြပါတယ်။
(Photo: AFP)
တရုတ်အလယ်ပိုင်းနဲ့ အရှေ့ပိုင်း နေရာဒေသတွေမှာ ရေကြီးမှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး လူ ၁၄၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးနေခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်လအစပိုင်းကတည်းက ဖြစ်ပေါ်နေတဲ့ ရေကြီးမှုတွေကြောင့် လူဦးရေ ၂၄ သန်းနီးပါး ရေဘေးသင့်နေခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပြောပါတယ်။
(Photo: China News Service/Getty Images)
ရေကာတာကို ဖောက်ထုတ်မှုဟာ အနီးအနားမှာ နေထိုင်ကြတဲ့ လူတွေ ရေဘေးအန္တရာယ်ကင်းစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ မိုးသည်းထန်မှု ဆက်ဖြစ်နေပြီး အပေါ်ဖက်မှ ရေများ စီးဆင်းလာတာကြောင့် ယန်ဇီမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ Chu မြစ်မှာ ရေမျက်နှာပြင် မြင့်တက်လာခဲ့ပါတယ်။
ရေကာတာကို ချိုးဖျက်ပြီး ရေများဖောက်ထုတ်ခဲ့မှုဖြင့် Chu မြစ်ရဲ့ ရေမျက်နှာပြင်ကို ၂ ပေဝန်းကျင် လျှော့ချနိုင်မယ်လို့ ခန့်မှန်းရကြောင်း တရုတ်အစိုးရသတင်းဌာန Global Times က ဖော်ပြပါတယ်။ တရုတ်အရှေ့ပိုင်း Anhui ပြည်နယ်အတွင်းရှိ ယန်ဇီနဲ့ Huaihe အပါအဝင် မြစ် ၃၅ စင်းမှာ ရေမျက်နှာပြင် မြင့်တက်နေပြီး စနေနေ့ (ဇူလိုင် ၁၈ ရက်) မွန်းလွဲပိုင်းမှာ သတိပြုရမယ့် အတိုင်းအတာထက် ကျော်လွန်လာခဲ့ကြောင်း Xinhua သတင်းက ပြောပါတယ်။