ခရီးသွားရာဇဝင် လိမ်လည်ပြောဆိုမှုကနေ ကျန်းမာရေးဝန်ထမ်းတွေကိုသတ်မှုအထိ ပါဝင်ပါတယ်။

တရုတ်နိုင်ငံမှာ ဇန်နဝါရီလမှစပြီး COVID-19 ကူးစက်ဖြစ်ပွားမှုနဲ့ ဆက်နွယ်နေတဲ့ ရာဇဝတ်ပြစ်မှုများ ကျူးလွန်ကြောင်း သံသယရှိသူ ၅,၈၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ကျန်းမာရေးဝန်ထမ်းတွေကိုသတ်မှု၊ ချို့ယွင်းချက်ရှိနေတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ ရောင်းချမှုနဲ့ ခရီးသွားရာဇဝင် လိမ်လည်ပြောဆိုမှုတို့ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရရှေ့နေရုံးက ပြောခဲ့ပါတယ်။ ဖမ်းဆီးခဲ့တဲ့ အမှုများအနက် စူပါမတ်ကက်တစ်ခုမှာ ဈေးဝယ်သူတစ်ဦးက mask မတပ်ထားတဲ့ အခြား ဈေးဝယ်သူတစ်ဦးကို သေတဲ့အထိ ရိုက်နှက်ခဲ့မှုလည်း ပါဝင်ပါတယ်။



အခြား အမှုများအနက် ကျန်းမာရေးဝန်ထမ်းတွေကို ကားဖြင့် တမင်ဝင်တိုက်မှုနဲ့ ကျန်းမာရေးစစ်ဆေးသူတစ်ဦးက ကိုယ်ပူချိန်တိုင်းစဥ် ဓားမြှောင်ဖြင့်ထိုးမှုတို့ ပါဝင်ကြောင်း သိရပါတယ်။ အချို့အမှုတွေကတော့ COVID-19 လူနာများကို ကူညီရန် ကောက်ခံထားတဲ့ အလှူငွေကို အလွဲသုံးစားပြုမှု၊ ချို့ယွင်ချက်ရှိတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ ရောင်းချမှုနဲ့ ခရီးသွားရာဇဝင် လိမ်လည်ပြောဆိုမှုတို့ ဖြစ်ပါတယ်။

(Photo: France24)

ဇန်နဝါရီလမှ ဇူလိုင်လအထိ လူ ၅,၇၉၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၆,၇၅၅ ဦးကို တရားစွဲဆိုခဲ့ကြောင်း Supreme People's Procuratorate က ဩဂုတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ သို့သော် လူဦးရေ မည်မျှကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ အချို့ကို ပြစ်ဒဏ်ချမှတ်ပြီးခြင်းရှိ မရှိ ထုတ်ပြန်ချက်မှာ ပြောကြားထားခြင်း မရှိပါဘူးလို့ AFP သတင်းက ဖော်ပြပါတယ်။

တရုတ်အစိုးရဟာ ယမန်နှစ် ဒီဇင်ဘာလကုန်က နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ COVID-19 စတင် တွေ့ခဲ့ရပြီးနောက် တင်းကျပ်တဲ့ lockdown အစီအမံများ၊ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသူတွေကို အပြင်းအထန် ရှာဖွေဖော်ထုတ်ခြင်းနဲ့ လူနေရပ်ကွက်တွေကို အနီးကပ်စောင့်ကြည့်ခြင်းကဲ့သို့ လုပ်ဆောင်မှုများနဲ့အတူ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

(Photo: Reuters)

ထို့အတူ ကူးစက်ခံရနိုင်ခြေရှိသူတွေကို ခြေရာခံနိုင်ရန်လည်း စမတ်ဖုန်းအက်ပလီကေးရှင်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားပါတယ်။ တရုတ်အာဏာပိုင်တွေက စူပါမတ်ကက်များ၊ ရုပ်ရှင်ရုံ သို့မဟုတ် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဥ်၊ ရထားများပေါ်နဲ့ နေအိမ်ပြင်ပ နေရာအများအပြားမှာပါ စည်းမျဥ်းစည်းကမ်းအရ မဖြစ်မနေ mask တပ်ထားရန် ညွှန်ကြားထားခဲ့ပါတယ်။

တရုတ်မှ လတ်တလော ရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုများ မတွေ့ရှိခဲ့ရဘဲ ဩဂုတ် ၂၈ ရက်အထိ ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ ၈၅,၀၂၂ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၈၀,၁၂၆ ဦး ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာတော့ COVID-19 ကူးစက်ခံရသူ ၂၄.၉ သန်းကျော်၊ သေဆုံးသူ ၈၄၁,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁၇.၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က