တရုတ်နိုင်ငံမှာ ကံကောင်းတဲ့ မိုဘိုင်းဖုန်းနံပါတ်အဖြစ် လက်ခံယုံကြည်ထားကြတဲ့ နံပါတ်တစ်ခုကို အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချခဲ့ရာ အလွန်မြင့်မားဈေးနှုန်းအဖြစ် ယွမ်ငွေ ၂.၂၅ သန်း (မြန်မာကျပ်ငွေ သိန်း ၄,၀၀၀ ကျော်) ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
(Photo: CFP)
ရာနဲ့ချီတဲ့ ဝယ်ယူသူတွေက ဖုန်းနံပါတ်ကို အွန်လိုင်းမှတစ်ဆင့် ဈေးပြိုင်ပေးကာ အလုအယက် ကမ်းလှမ်းဝယ်ယူခဲ့ကြပါတယ်။ ထိုဖုန်းနံပါတ်ဟာ ငါးနဲ့ ရှစ်ဂဏန်းများဖြင့် အဆုံးသတ်ပြီး "ရှစ် (eight)" စကားလုံးဟာ မန်ဒရင် (Mandarin) တရုတ်ဘာသာစကားအရ "ချမ်းသာကြွယ်ဝခြင်း" စကားလုံးနဲ့ အသံဆင်တူတယ်လို့ ဆိုပါတယ်။
ကံကောင်းတဲ့ မိုဘိုင်းဖုန်းနံပါတ် လေလံတင်ရောင်းချမှုကို ဘေဂျင်းမြို့ရှိ တရားရုံးတစ်ရုံးက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ မိုဘိုင်းဖုန်းနံပါတ်ဟာ တရားရုံးက သိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မှုတွေအနက် အပါအဝင်ဖြစ်ပြီး လေလံတင်ရောင်းချရန် အမိန့်ချမှတ်ထားခဲ့ပါတယ်။ မိုဘိုင်းဖုန်းနံပါတ်ကို အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူရန်အတွက် စနေနေ့ (ဩဂုတ် ၁၅ ရက်) နဲ့ တနင်္ဂနွေနေ့ (ဩဂုတ် ၁၆ ရက်) ကြား ဈေးပြိုင်ပေး ကမ်းလှမ်းမှုပေါင်း ၅,၀၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP)
တရုတ်နိုင်ငံမှာ အထူးသဖြင့် ကုမ္ပဏီတွေက ဖောက်သည်တွေနဲ့ စီးပွားဖက်တွေ အထင်ကြီး သဘောကျစေရန် ဖုန်းနံပါတ်အလှများကို မကြာခဏ ဈေးကြီးပေး ဝယ်ယူအသုံးပြုကြသလို ကံကောင်းစေတယ်လို့လည်း ယူဆကြပါတယ်။ "ရှစ် (eight)" စကားလုံးဟာ တရုတ်နိုင်ငံမှာ လူကြိုက်အများဆုံးဖြစ်ပါတယ်။ တရုတ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ်အားကစားပွဲတော်ကိုလည်း "ရှစ်လပိုင်းဖြစ်တဲ့ ဩဂုတ်လ၊ ရှစ်ရက်နေ့၊ ရှစ်နာရီ ရှစ်မိနစ်" မှာ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
မန်ဒရင်ဘာသာစကားအရ "သေဆုံးခြင်း" နဲ့ အသံဆင်တူနေတဲ့ "လေး (four)" ဂဏန်းကိုတော့ တရုတ်မှာ လူကြိုက်အနည်းဆုံး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရှစ်နဲ့ ခုနစ်ဂဏန်းများဖြင့် အဆုံးသတ်တဲ့ ဖုန်းနံပါတ်တစ်ခုကို လေလံတင်ရောင်းချခဲ့ရာ ယွမ်ငွေ ၃.၉၁ သန်း (မြန်မာကျပ်ငွေ သိန်း ၇,၆၀၀ ကျော်) ရရှိခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းအဖြစ် စံချိန်တင်ထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။