တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်မှုတွေဖြစ်နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ဟာ SARS (Severe Acute Respiratory Syndrome) ဗိုင်းရပ်စ် မဟုတ်ကြောင်း ကျန်မာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
(ဝူဟန်မြို့ မြင်ကွင်းတစ်ခု) (Photo: Getty Images)
ဒါ့အပြင် အဆိုပါ ဗိုင်းရပ်စ်ဟာ MERS (Middle East Respiratory Syndrome) သို့မဟုတ် ငှက်တုပ်ကွေး ဗိုင်းရပ်စ်လည်း မဟုတ်ကြောင်း ၎င်းတို့ကဆိုပါတယ်။ ဝူဟန်မြို့မှာ ပဟေဠိဆန်တဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံရသူ ၅၉ ဦးရှိပြီး အချို့ဟာ ပြင်းထန်တဲ့ ရောဂါအခြေအနေ ဖြစ်ပွားနေကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့ လူ ၁၆၃ ဦးကိုလည်း ကျန်းမာရေးစောင့်ကြည့်မှုတွေ ဆောင်ရွက်ထားကြောင်း ဝူဟန်ကျန်းမာရေးကော်မရှင်ရဲ့ဝက်ဘ်ဆိုက်မှာ ယမန်နေ့ (ဇန်နဝါရီ ၅ ရက်) နှောင်းပိုင်းက ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အမျိုးအမည်မသိတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်နေတာကြောင့် အဆိုပါမြို့ကနေ စင်ကာပူနဲ့ ဟောင်ကောင်ကို ဝင်ရောက်လာသူတွေအား စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
(ဟောင်ကောင်လေဆိပ်မှာတွေ့ရသည့် ကျန်းမာရေးစစ်ဆေးသူတစ်ဦး) (Photo: Getty Images)
ထို့အတူ မြန်မာနိုင်ငံမှာလည်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး လေဆိပ်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောကြားကြောင်း 7Day TV သတင်းမှာ ဖော်ပြပါတယ်။
ယခုရက်ပိုင်းအတွင်း ဝူဟန်မှာ ကူးစက်ခံရမှုများ စစ်ဆေးတွေ့ရှိရတဲ့ ဗိုင်းရပ်စ်ဟာ ၂၀၀၂-၀၃ ခုနှစ်က တရုတ်မှာ စတင်တွေ့ရှိရပြီး ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့ ဖြစ်ပွားခဲ့ကာ လူ ၇၀၀ ကျော် သေဆုံးခဲ့တဲ့ တုပ်ကွေးကဲ့သို့ SARS ဗိုင်းရပ်စ်နဲ့ ဆက်နွယ်နိုင်ကြောင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အပြင်းအထန် ဖြစ်ပွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။
(ဝူဟန်မြို့ ပင်လယ်စာဈေးမှာ စစ်ဆေးနေစဥ်) (Photo: Simon Song)
(Map: BBC)
တရုတ်မှာ ၂၀၀၄ ခုနှစ် မေလမှစပြီး SARS ဗိုင်းရပ်စ်ကင်းစင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကြေညာခဲ့ပါတယ်။ ပဟေဠိဆန်တဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်မြို့ဟာ တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ်မှာရှိပြီး ယန်ဇီမြစ်နဲ့ ဟန်မြစ်တို့က ပိုင်းခြားထားတဲ့ ကူးသန်းရောင်းဝယ်ရေးနေရာတစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အထိ စာရင်းတွေအရ ဝူဟန်မြို့မှာ လူဦးရေ ၁၁.၈ သန်း နေထိုင်ကြတယ်လို့ သိရပါတယ်။