တရုတ်သမ္မတကို ကြိုဆိုရေးအစီအစဉ်မှာ ကျောင်းသား၊ ကျောင်းသူတွေပါဝင်နေတာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် ကျောင်းတွေကို အမိန့်ပေးပြီးကြိုဆိုခိုင်းတာမဟုတ်ဘူးလို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြန်လည်ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလ(၁၇)ရက်နေ့ နေ့လယ်ပိုင်းကနေပြည်တော်ကိုရောက်ရှိလာတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုနှုတ်ဆက်တဲ့အခါမှာ အဖြူအစိမ်းဝတ်ကျောင်းသားတွေ နှစ်နိုင်ငံအလံကိုင်ဆောင်ပြီး ကြိုဆိုနေတဲ့ပုံတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကြိုဆိုရေးမှာ ကျောင်းသားတွေကို အမိန့်ပေးပြီး ကြိုခိုင်းတာမျိုးမဟုတ်ဘူးလို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။
photo- MOI
“ အမျိုးမျိုးဝေဖန်နေကြတာ။ အခုဖြစ်တဲ့ ကိစ္စမှာလည်း ကျောင်းတွေကို ကျွန်တော်တို့က အမိန့်ပေးပြီးခိုင်းတာမျိုးမဟုတ်ဘူး။ အခုလို ကြိုဆိုတယ်ဆိုတာကလည်းဗျာ အရင်ကလည်း ဘယ်နိုင်ငံကခေါင်းဆောင်တွေပဲလာလာ ယဉ်ကျေးမှုအနေနဲ့ကြိုဆိုနေကြတာပဲ။ အခုလဲ အဲလိုပဲ ကိုယ့်နိုင်ငံကိုလာတုန်း ယဉ်ကျေးမှုအနေနဲ့ကြိုဆိုကြတဲ့ သဘောပဲ” လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။
မနေ့က သမ္မတရှီကျင့်ဖျင် နေပြည်တော်လေဆိပ်ရောက်ရှိလာတဲ့အချိန်မှာ ကျောင်းသားတွေကိုကြိုဆိုခိုင်းတာက ဘာမှမဆိုင်သလို၊ ကလေးတွေစာသင်ချိန်မှာ နေပူထဲမှာရပ်ပြီး အခုလိုဆိုကြိုခိုင်းတာတွေက မဖြစ်သင့်ဘူးဟုဆိုကာ လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ အခုလိုဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျောင်းသား၊ကျောင်းသူတွေကို မဖြစ်မနေ ကြိုဆိုရေးမှာပါဝင်ရမယ်လို့ ကျောင်းတွေကို အမိန့်ပေးခဲ့ခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့တာပါ။ တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုုင်ငံကို (၂)ရက်တာ ချစ်ကြည်ရေးခရီး လာရောက်တာဖြစ်ပြီး မနေ့က ဇန်နဝါရီလ(၁၇)ရက်နေ့က နေပြည်တော်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။