အမေရိကန်ရွေးကောက်ပွဲတွေကို တရုတ်က ဝင်ရောက်စွက်ဖွက်ရန် ကြိုးပမ်းနေတယ်လို့ ထရန့်က စွပ်စွဲထားပါတယ်။

အမေရိကန်ရွေးကောက်ပွဲတွေကို တရုတ်အစိုးရက ဝင်ရောက်စွက်ဖွက်ရန် ကြိုးပမ်းနေမှုကြောင့် ၎င်းနဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ကြား ခင်မင်ရင်းနှီးမှု အဆုံးသတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၆ ရက်) မှာ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂအစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်နေသည့် ထရန့် (Photo: AFP)





လတ်တလောမှာ တရုတ်နဲ့အမေရိကန်တို့ကြား ကုန်သွယ်မှုအပါအဝင် ကိစ္စရပ်အများအပြားနဲ့ ပတ်သက်ပြီး ဆက်ဆံရေးတင်းမာနေပါတယ်။ သဘောထားတင်းမာတဲ့ ကုန်သွယ်ရေးမူဝါဒတွေကို တုံ့ပြန်မှုအဖြစ် တရုတ်အစိုးရက ၎င်းကို ရွေးကောက်ပွဲမှာ အဆင်မပြေ ဖြစ်စေလိုကြောင်း သမ္မတထရန့်က ဆိုပါတယ်။

တရုတ်အစိုးရက လာမယ့် နိုဝင်ဘာလမှာပြုလုပ်သွားမယ့် အရေးပါတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၎င်းရဲ့အခွင့်အလမ်းတွေကို ပျက်စီးရာပျက်စီးကြောင်း နည်းလမ်းမျိုးစုံသုံးပြီး ကြိုးပမ်းနေတယ်လို့ ထရန့်က စွပ်စွဲထားပါတယ်။

တရုတ်သမ္မတရှီကျင်းပင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Photo: AFP)



တရုတ်သမ္မတရှီကျင်းပင်နဲ့ ဆက်ဆံရေးဟာ ပိုမိုဆိုးရွားတဲ့ အခြေအနေသို့ အမြဲတမ်းအဖြစ် ပြောင်းလဲသွားနိုင်ကြောင်းလည်း အမေရိကန်သမ္မတက ပြောခဲ့ပါတယ်။ ထရန့်က အမေရိကန်သမ္မတ ဖြစ်လာပြီးနောက်ပိုင်း တရုတ်သမ္မတရှီကျင်းပင်နဲ့ ခင်မင်ရင်းနှီးမှုကို မကြာခဏ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေ ရပ်တန့်ရေးမှာလည်း တရုတ်သမ္မတက ကူညီဖိအးပေးမှုကိုလည်း ထရန့်က ချီးမွှမ်းခဲ့ပါတယ်။

ကုလသမဂ္ဂ အစည်းအဝေးမှာ တွေ့ရသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Photo: Reuters)



သို့သော် လတ်တလော နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှု မြင့်တက်လာပြီးနောက် ရှီကျင်းပင်နဲ့ ခင်မင်ရင်းနှီးမှု အခြေအနေကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ သမ္မတထရန့်က ယခင်နဲ့မတူတဲ့ ပြောဆိုမှုတွေရှိလာခဲ့ပါတယ်။

"သူက ကျွန်တော့်ရဲ့မိတ်ဆွေ ဖြစ်နိုင်ဖွယ်မရှိတော့ပါဘူး၊ ဒါပေမဲ့ သူ ကျွန်တော့်ကို လေစားမှုရှိနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ထရန့်က ပြောခဲ့ပါတယ်။

တရုတ်နဲ့အမေရိကန်တို့ဟာ လတ်တလောမှာလည်း သွင်းကုန်အခွန်များ အပြန်အလှန် တိုးမြှင့်ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲအသွင်ဖြစ်နေပြီး နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က