၂၀၁၉ ပထမ ၅ လအတွင်း 5G နဲ့ဆက်စပ်တဲ့ အလုပ်အကိုင်တွေ ၉ ဆအထိ ရှိလာခဲ့တယ်လို့တရုတ်ရဲ့ အကြီးဆုံး အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ ဆိုပါတယ်။
တရုတ်အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် Zhaopin.com ရဲ့အဆိုအရ 5G နဲ့ဆက်စပ်တဲ့ အလုပ်အကိုင်ခေါ်ဆိုမှုဟာ ဇန်နဝါရီကနေ မေလအတွင်း နှစ်အလိုက် အလုပ်ခေါ်ဆိုမှုအနေနဲ့၈၀၆% အထိ တိုးလာခဲ့တယ်လို့ဆိုပါတယ်။ အချက်အလက်တွေအရ 5G ကဏ္ဍမှာ ပေးနေတဲ့ ပျမ်းမျှ လစာဟာ ပြီးခဲ့တဲ့နှစ်ကထက် စာရင် ၄၄%တိုးပြီး ၁၅၆၄၄ ယွမ် ( မြန်မာငွေ ၃၄ သိန်းခန့်) ရှိလာခဲ့တယ်လို့ဖော်ပြထားပါတယ်။
Photo: cnn
5G ပိုင်း အလုပ်လာလျှောက်တဲ့ လျှောက်ထားသူတွေဟာ ၁၅၁%ပဲ တိုးလာတာ ဖြစ်ပြီး ကျွမ်းကျင်ဝန်ထမ်း အလုပ်အကိုင်လိုအပ်ချက်ဟာ မြင့်မားနေဆဲ ဖြစ်ပါတယ်။
" 5G စီးပွားဖြစ် လိုင်စင်ပေးမှုကြောင့် ၂၀၁၉ ဟာ 5G နည်းပညာစတင်လိုက်တဲ့ နှစ်ဖြစ်လာပါတယ်။" လို့Zhaopin.com ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ " 5G ဖြန့်ချိမှုနဲ့အတူ တကယ်ကျွမ်းကျင်တဲ့ 5G ပညာရှင်တွေ ရဖို့စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်မှုလည်း ပြင်းထန်နေပါတယ်။"
စီးပွားဖြစ် 5G ဝန်ဆောင်မှုကို ၂၀၁၉ ဒုတိယသုံးလပတ်က စပြီး တောင်ကိုရီးယား ၊ အမေရိကန် ၊ သြစတြေးလျ နဲ့ယူကေတို့မှာ စတင်မိတ်ဆက်ထားပြီး တရုတ်တယ်လီကွန်း carriers တွေကလည်း စက်တင်ဘာလထဲမှာ 5G ဝန်ဆောင်မှုတွေ ပေးနေပါတယ်။
Photo:reconnectingasia
တရုတ်နိုင်ငံရဲ့ အကြီးဆုံး မိုဘိုင်းလ်ဖုန်းအော်ပရေတာ ဖြစ်တဲ့ China Mobile မှာ 5G package အတွက် မှတ်ပုံတင်ထားသူ ၅.၇၂ သန်းကျော် ရှိထားပြီး China Telecom နဲ့China Unicom တို့မှာတော့ ၁.၉၆ သန်း နဲ့၁.၉၉ သန်း ရှိထားတယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) ရဲ့ သုတေသနအရ 5G စီးပွားဖြစ်ဝန်ဆောင်မှုဟာ လာမယ့် ၂၀၂၀ နဲ့၂၀၂၅ အကြားမှာ ယွမ် ၁၀ ထရီလီယံ ( ဒေါ်လာ ၁.၄ ထရီလီယံ) နဲ့ယွမ်၃ ထရီလီယံ ( ဒေါ်လာ ၄၂၄.၅ ဘီလျံ)တန်ကြေးရှိတဲ့ စီးပွားရေး ဖြစ်လာပြီး အလုပ်အကိုင် ၃ သန်းကျော်ပေးနိုင်မယ်လို့ခန့်မှန်းပါတယ်။