တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူဂျီအန်းပြည်နယ် လောင်ယန်းမြို့မှာ ဓားကိုင်ဆောင်သူ အမျိုးသားတစ်ဦးက ဘတ်စ်ကားတစ်စီးကို ပြန်ပေးဆွဲအပိုင်စီးခဲ့မှုအတွင်း လူ ၈ ဦး သေဆုံးပြီး အခြား ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
(Photo: Reuters)
ဓားကိုင်အမျိုးသားက ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) မွန်းလွဲပိုင်းမှာ ဘတ်စ်ကားကို အပိုင်စီးခဲ့ပြီးနောက် လမ်းလျှောက်သွားနေသူတွေကို ဝင်တိုက်ခဲ့ပါတယ်။ ဘတ်စ်ကားအပိုင်စီးခဲ့ကြောင်း သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်း မရှိသေးကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
ဓားကိုင်အမျိုးသားက ဘတ်စ်ကားကို အပိုင်စီးထိန်းချုပ်ခြင်းမပြုမီ အမျိုးသမီးခရီးသည်တစ်ဦးကို တိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံမီဒီယာ Duowei က ပြောပါတယ်။ ဗီဒီယိုမှတ်တမ်းတစ်ခုမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက သံသယရှိသူကို မြေပြင်ပေါ်ကိုလှဲချပြီး ဝိုင်းဝန်းဖမ်းဆီးနေတာ တွေ့ခဲ့ရပါတယ်။
(Photo: Reuters)
တရုတ်သတင်းဌာနတွေက ရယူဖော်ပြထားတဲ့ တရုတ်ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေမှာ ဘတ်စ်ကားဖြင့် ဝင်တိုက်ထားမှုကြောင့် ပျက်စီးနေတဲ့ မော်တော်ဆိုင်ကယ်တွေ၊ ဒဏ်ရာရပြီး မြေပြင်မှာလဲကျနေသူတွေနဲ့အတူ ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေကို တွေ့ရကြောင်း Reuters က ပြောပါတယ်။