တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာဘင်မြို့ရှိ ရေပူစမ်း ဟိုတယ်တစ်ခုမှာ ယနေ့ (သြဂုတ် ၂၅ ရက်) မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၃ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း အဆိုပါမြို့မှ အာဏာပိုင်တွေက ပြောပါတယ်။
Photo: Screengrab of television footage
ဟိုတယ်မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဟာဘင်မြို့ရှိ အာဏာရ တရုတ်ကွန်မြူနစ်ပါတီ ဝါဒဖြန့်ချိရေးဌာနက ၎င်းတို့ရဲ့ Weibo အကောင့်မှာ ရေးသားထားပါတယ်။
တရုတ်မီဒီယာတွေမှာ ဖော်ပြခဲ့မှုအရ ဟာဘင်မြို့ရှိ အထပ်လေးထပ်ပါ Beilong Hotspring Leisure ဟိုတယ်မှာ ယနေ့မနက် ဒေသစံတော်ချိန် ၄ နာရီ ၃၆ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ စတုရန်းပေ ၄,၃၀၀ ကျယ်ဝန်းတဲ့ဟိုတယ်ရဲ့ အထပ်တွေမှာ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
Photo: CGTN
ဟိုတယ်မီးလောင်မှုကို မီးသတ်သမား ၁၀၇ ဦးက သုံးနာရီကြာ ငြှိမ်းသတ်ခဲ့ရပါတယ်။ တရုတ် ရုပ်သံလွှင့်ဌာန CCTV မှာ ဖော်ပြထားတဲ့ မှတ်တမ်းတွေအရ မီးလောင်ထားတဲ့ ဟိုတယ်အတွင်း ကယ်ဆယ်ရေးသမားများ လုပ်ငန်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာ အဆောက်အအုံဆိုင်ရာ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းတွေကို လိုက်နာမှုအားနည်းချက်တွေ ရှိနေပါတယ်။
Photo: Reuters
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဘေဂျင်းမြို့ရှိ လူနေတိုက်ခန်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း လူ ၁၉ ဦး သေဆုံးခဲ့ပြီးနောက် ဘေဂျင်းအာဏာပိုင်တွေ မီးဘေးလုံခြုံရေးနဲ့ အဆောက်အအုံဆိုင်ရာ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းတွေကို လိုက်နာခြင်းရှိ မရှိ ရက် ၄၀ ကြာ အထူးစစ်ဆေးရေး လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။