စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ညပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

တရုတ်နိုင်ငံတောင်ပိုင်းမှာ လူအများအပြားရှိနေတဲ့ ရင်ပြင်တစ်ခုအတွင်းသို့ ကားတစ်စီးဝင်တိုက်ခဲ့မှုကြောင့် ၁၁ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (စက်တင်ဘာ ၁၃ ရက်) ပြောပါတယ်။

Photo: People's Daily





စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၃၅ မိနစ်အချိန်က လူအုပ်စုကို ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဟူနန်ပြည်နယ် ဟန်ယန်းမြို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အနီရောင် SUV ကားတစ်စီးက ဟန်ယန်းမြို့ ဘေဂျင်းရင်ပြင်ရှိ လူအုပ်ထဲကို ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်အတွင်း သေဆုံးဒဏ်ရာရသူတွေအနက် အချို့ဟာ ဓားထိုးခံခဲ့ရပုံရှိတယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။ ပြစ်မှုမှတ်တမ်းဟောင်းလည်းရှိတဲ့ ကားမောင်းသမားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရပါတယ်။ ၎င်းဟာ ယခင်က မီးရှို့မှုနဲ့ မူးယစ်ဆေးဝါးမှုတို့ဖြင့် ထောင်ကျခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေခြင်းရှိ မရှိ အပါအဝင် အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Photo: People's Daily



ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ကနဦး ထုတ်ပြန်ချက်အရ ကားမောင်းသမားက ရည်ရွယ်ချက်ရှိရှိဖြင့် လူတွေကို ထိခိုက်နာကျင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ တရုတ်မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ အခင်းဖြစ်နေရာမှ ဗီဒီယိုမှတ်တမ်းတစ်ခုမှာ ရင်ပြင်တစ်ခုကနေ လူအများအပြား ထွက်ပြေးနေပါတယ်။

မပြင်ပေါ်မှာ လူတွေလဲကျနေပြီး အခြား လူတွေကတော့ ဒဏ်ရာရသူတွေကို ကူညီပေးနေတာ တွေ့ရပါတယ်။ ရဲတပ်ဖွဲ့က လူအုပ်အတွင်း ကားဖြင့်ဝင်တိုက်ခဲ့ကြောင်း သံသယရှိသူဟာ အသက် ၅၄ နှစ်အရွယ် ယန်ဇန်ယွမ် ဖြစ်တယ်လို့ ပြောထားပါတယ်။

Map: BBC



တရုတ်နိုင်ငံမှာ စီးပွားရေးတိုးတက်လာမှုနဲ့အတူ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားလာခဲ့ပြီးနောက် လတ်တလော ဆယ်စုနှစ်များအတွင်း အကြမ်းဖက် ရာဇဝတ်မှုတွေလည်း ပိုမိုဖြစ်ပွားလာခဲ့ပါတယ်။ တရုတ်ရဲတပ်ဖွဲ့ကတော့ ယခုလို အကြမ်းဖက်မှုတွေကို ခွဲထွက်ရေးသမား စစ်သွေးကြွတွေက လုပ်ဆောင်ကြတယ်လို့ ယခင်က ပြောခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က ဘေဂျင်းမြို့ရှိ အထင်ကရဖြစ်တဲ့ တိန်အန်မင်ရင်ပြင်သို့ လာရောက်လည်ပတ် ကြည့်ရှုသူတွေကို ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့မှုကြောင့် ကမ္ဘာလှည့်ခရီးသည်နှစ်ဦး သေဆုံးခဲ့ပြီး အဆိုပါကား ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့ပါတယ်။

ထိုဖြစ်ရပ်အတွင်း ကားဖြင့်တိုက်ခိုက်သူသုံးဦးလည်း သေဆုံးခဲ့ပြီး မငြိမ်မသက်ဖြစ်နေတဲ့ ရှင်ဂျီအန်းဒေသမှ ခွဲထွက်ရေးသမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ တရုတ်အစိုးရက အပြစ်ဖို့ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က