ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Samsung ဟာ တရုတ်က စမတ်ဖုန်းစက်ရုံတွေကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
တရုတ်မှာ နောက်ဆုံး ပိတ်သိမ်းလိုက်တဲ့ Samsung ရဲ့ စက်ရုံဟာ Huizhou မှာ ရှိပြီး ဒီစက်ရုံမှာ ထုတ်လုပ်မှုကို ပြီးခဲ့တဲ့ ဇွန်လကတည်းက ရပ်ဆိုင်းခဲ့တာပါ။ သူ့အရင် တစ်ခြားစက်ရုံတစ်ခုမှာလည်း ပြီးခဲ့တဲ့နှစ်ကတည်းက ထုတ်လုပ်မှု ဆိုင်းငံ့ခဲ့တာ ဖြစ်တယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Photo: hotinfonow
Huizhou စက်ရုံရဲ့ ထုတ်လုပ်မှုနဲ့ဝန်ထမ်းအရေအတွက်ကို Samsung ဘက်က ပြောကြားဖို့ငြင်းဆန်ထားပါတယ်။ Reuters သတင်းမှာ ဖော်ပြထားတဲ့ သတင်းများအရ Samsung ဖုန်းအလုံးရေ ၃၉၄ သန်း ထုတ်လုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဒီစက်ရုံမှာ ဝန်ထမ်း ၆၀၀၀ ခန့်ထားပြီး ဖုန်းအလုံးရေ ၆၃ သန်း ထုတ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။
တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီအနေနဲ့တရုတ်မှာ စမတ်ဖုန်းထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တာဟာ တရုတ်ပြည်တွင်း ပြိုင်ဘက်တွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုမှာ အထိနာနေတာကြောင့်လို့လည်း ဆိုပါတယ်။ဒါ့အပြင် စီးပွားရေး နှေးကွေးလာမှုနဲ့လုပ်အားခ ကြီးမြင့်လာခြင်းကလည်း တရုတ်မှာ စမတ်ဖုန်း ထုတ်လုပ်မှုကို ရပ်တန့်ဖို့အကြောင်းရင်းတွေ ဖြစ်လာခဲ့ပါတယ်။
Samsung လိုပဲ Sony ဟာ ဘေဂျင်းမှာ ရှိတဲ့ စမတ်ဖုန်း စက်ရုံကို ပိတ်ထားရပြီး စမတ်ဖုန်းတွေကို ထိုင်းမှာပဲ ထုတ်လုပ်နေတာပါ။ Apple ကတော့ ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်တွေကို တရုတ်မှာ ထုတ်လုပ်နေဆဲ ဖြစ်ပေမယ့် ဈေးကွက်အရ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေကို ယှဉ်လို့မရပါဘူး။
Photo: rappler
တရုတ်ပြည်တွင်းမှာ Samsung ရဲ့ ဈေးကွက်ရှယ်ယာဟာ ၂၀၁၃ နှစ်လယ်ပိုင်းက ၁၅% ခန့်ရှိခဲ့ရာကနေ အခုနှစ် ပထမ သုံးလပတ်မှာ ၁% အထိ ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာ Samsung ဟာ စမတ်ဖုန်းထုတ်လုပ်မှုကို အိန္ဒိယနဲ့ဗီယက်နမ်လိုမျိုး ကုန်ကျစရိတ်သက်သာတဲ့နိုင်ငံတွေမှာ တိုးချဲ့ထုတ်လုပ်နေပါတယ်။