Huawei နဲ့ZTE တို့လို တရုတ်နည်းပညာကုမ္ပဏီများရဲ့ ထုတ်ကုန်နဲ့နည်းပညာများ အမေရိကန်အစိုးရဌာနတွေမှာ ဝယ်ယူသုံးစွဲခွင့် ပိတ်ပင်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။
Photo: Mashable
သမ္မတဒေါ်နယ်ထရမ့်ဟာ ကာကွယ်ရေးရန်ပုံငွေ ဒေါ်လာ ၇၁၆ ဘီလျံ သုံးစွဲမယ့် ဂျွန်အက်စ် မက်စ်ကလိန် အမျိုးသားကာကွယ်ရေး တစ်ချက်လွှတ်အက်ဥပဒေနဲ့အတူ ဒီအချက်ကိုပါ လက်မှတ်ရေးထိုးသွားတာပါ။ ဒီဥပဒေမှာ Huawei နဲ့ZTE တို့ရဲ့ နာမည်တပ်ပြီး တားမြစ်ကုန်စာရင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး စမတ်ဖုန်းကနေ routers လိုမျိုး တယ်လီကွန်းဆက်သွယ်ရေးပစ္စည်းများအထိ ပါဝင်မှာ ဖြစ်ပါတယ်။
ဒီဥပဒေသစ်ရဲ့ စောင့်ကြည့်ရမယ့် စာရင်းမှာ တရုတ်နိုင်ငံမှ Hytera Communications Corp ၊ Hangzhou Hikvision Digital Technology ကုမ္ပဏီ နဲ့Dahua Technology ကုမ္ပဏီတို့လို CCTV နဲ့ရုပ်သံလွှင့်ဌာနတွေ ပါဝင်နေပါတယ်။အခုလိုမျိုး အမေရိကန်အစိုးရဌာနများမှာ Huawei နဲ့ZTE တို့ရဲ့ နည်းပညာနဲ့ထုတ်ကုန်အမျိုးမျိုး ပိတ်ပင်ဖို့ဥပဒေကြမ်းဟာ နှစ်ဆန်းပိုင်းကတည်းက ထွက်လာတာပါ။
ဥပဒေကြမ်းမှာကတည်းက Huawei နဲ့ZTE တို့ကို နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်စရာအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဆိုတင်သွင်းချက်မှာတော့ ၂၀၁၁ ခုနှစ်က အမေရိကန်အစိုးရရဲ့ တရုတ်ရေးရာ အစီရင်ခံစာတစ်စောင်ကို ကိုးကားဖော်ပြထားတာဖြစ်ပြီး ထိုစဉ်က Huawei နဲ့တစ်ခြား ကုမ္ပဏီများဟာ တရုတ်အစိုးရရဲ့ သြဇာသက်ဝင်နေတဲ့ လုပ်ငန်းစုတွေ ဖြစ်တယ်လို့စွပ်စွဲထားခဲ့တာပါ။
ယခုဥပဒေအရ Huawei ၊ ZTE နဲ့တစ်ခြား တရုတ်ဆက်သွယ်ရေးကုမ္ပဏီများမှ ပစ္စည်းများကို တင်သွင်းမှု ပိတ်ပင်ခြင်းကို နောက်ထပ် ၂ နှစ်ကြာအောင် ထားရှိသွားမှာ ဖြစ်ပါတယ်။Huawei ကတော့ ယခုဥပဒေကြောင့် အမေရိကန်ဖောက်သည်နဲ့စီးပွားရေး လုပ်ငန်းများအတွက် အင်တာနက်စရိတ်စက ပိုမိုတိုးပွားလာပြီး တီထွင်ဖန်တီးမှုပိုင်းမှာ ကန့်သတ်လာရုံပဲ ဖြစ်မယ်လို့တုန့်ပြန်ထားပါတယ်။
Photo: Beebom
အမေရိကန်မှာ လုပ်ငန်းပြန်လည်ပတ်ခွင့်ရလာပြီ ဖြစ်တဲ့ ZTE အနေနဲ့မကြာသေးခင်က စီးပွားရေးလုပ်ငန်းတွေ ပြန်စနိုင်ခဲ့ပေမယ့် ဒီကုမ္ပဏီရဲ့ ထုတ်ကုန်တွေကတော့ အစိုးရဌာနတွေမှာ သုံးလို့မရတော့ပါဘူး။