လိုင်စင်ဆောင်မထားတဲ့ app တွေကို တရုတ်နိုင်ငံမှာ ရှိတဲ့ Apple App Store ကနေ ဖယ်ရှားနေပါတယ်။
The Information သတင်းအရ တရုတ်အစိုးရဟာ အရင်နှစ်တွေက Apple ချိုးဖောက်ခဲ့တဲ့ ဥပဒေလစ်ကွက်တွေကို ပိတ်နေပြီး တရုတ် App Store ပေါ်က ထောင်ပေါင်းများစွာသော app တွေ ဖယ်ရှားခြင်းနဲ့ စတင်နေတယ်လို့ ဆိုပါတယ်။Apple ဟာ အစိုးရအာဏာပိုင်တွေရဲ့ မူဝါဒသစ်နဲ့အညီ App Store ပေါ်က app ပေါင်း အနည်းဆုံး ၄၇၀၀၀ ကို ဖယ်ရှားခဲ့ပါတယ်။
Photo: MacRumors
"ဒီနည်းပညာကုမ္ပဏီကြီးဟာ တရုတ်နိုင်ငံအတွင်း မိတ်ဖက်ကုမ္ပဏီနဲ့ အစိုးရရဲ့ လိုင်စင်မပါဘဲ App Stores နဲ့ တစ်ခြား services တွေ လုပ်နေပါတယ်။" လို့ The Information ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ Apple ဟာ တရုတ်နိုင်ငံအတွင်း App Store နဲ့ ပတ်သက်ပြီး မူဝါဒသစ် ပြောင်းခဲ့ပါတယ်။ မူဝါဒသစ်အရ တရုတ်အာဏာပိုင်တွေဆီက လိုင်စင်ခွင့်ပြုချက် မရသေးတဲ့ app တွေကို App Store ပေါ်ကနေ ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။ လိုင်စင်စောင့်နေဆဲ paid games နဲ့ in-app ဝယ်ယူမှုတွေပါ ပိတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကပဲ Apple ဟာ တရုတ်နိုင်ငံရဲ့ အင်တာနက်မူဝါဒနဲ့အညီ ဖြစ်စေဖို့ တရုတ်အစိုးရရဲ့ ဖိအားတွေကြောင့် နိုင်ငံအတွင်း App Store ပေါ်ကနေ အနည်းဆုံး ဂိမ်းapp ပေါင်း ၄၅၀၀ ကို ဖယ်ရှားခဲ့ပါတယ်။ ဇူလိုင်လကုန်ပိုင်းကစပြီး App Store ပေါ်ကနေ လိုင်စင်မရှိတဲ့ ဂိမ်းတွေ ဖယ်ရှားဖို့ ကြေညာထားပြီး AppInChina အဖွဲ့ရဲ့ ခန့်မှန်းမှုအရ paid games အက်ပလီကေးရှင်းရဲ့ သုံးပုံတစ်ပုံကျော်ဟာ ဖြုတ်ချခံရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
Photo: financerewind
တရုတ်နိုင်ငံအတွင်း ဝန်ဆောင်မှုပေးရာမှာ Apple ဟာ အရင်ကလည်း သိသာတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ဧပြီလထဲမှာ တရုတ်အာဏာပိုင်တွေဟာ iBookstore နဲ့ iTunes Movies တို့ကို ပိတ်ချဖို့ Apple ကို ဖိအားပေးခဲ့ပါတယ်။ ဒါဟာ နိုင်ငံ့ဈေးကွက်အတွင်း မိတ်ဆက်ပြီး ၆ လအကြာမှာ ဖြစ်ခဲ့တာပါ။
လောလောဆယ် သမ္မတထရမ့်ရဲ့ အမေရိကန်အစိုးရအဖွဲ့ဟာ တရုတ်နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ByteDance နဲ့ Tencent ပိုင် TikTok နဲ့ WeChat တို့ကို ကန့်သတ်တင်းကြပ်မှုတွေ လုပ်နေပါတယ်။