ကြက်ငှက်တုပ်ကွေးကြောင့် ကြက်အကောင်ရေ ၄,၅၀၀ သေဆုံးခဲ့ပါတယ်။

တရုတ်မှာ လတ်တလော အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုတွေ အဓိကဖြစ်ပွားနေတဲ့ ဝူဟန်မြို့တည်ရှိရာ ပြည်နယ်ရဲ့တောင်ဘက်နယ်စပ်ရှိ အခြားပြည်နယ်တစ်ခုမှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ့ရှိရကြောင်း စိုက်ပျိုးရေးနဲ့ကျေးလက်ဒေသဆိုင်ရာ ဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၁ ရက်မှာ ပြောကြားပါတယ်။

(Photo: Reuters)

အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် စတင်တွေ့ရှိခဲ့ရာ ဝူဟန်မြို့တည်ရှိတဲ့ ဟူဘေးပြည်နယ် (Hubei) နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ဟူနန်ပြည်နယ် (Hunan) ရှိ ရှာအိုယန်းမြို့ (Shaoyang) မှ ကြက်မွေးမြူရေးခြံတစ်ခြံမှာ လူသေဆုံးမှုဖြစ်စေနိုင်တဲ့ ပြင်းထန် H5N1 ဖြစ်ပွားနေခဲ့ကြောင်း သိရပါတယ်။



အဆိုပါ မွေးမြူရေးခြံရှိ ကြက်အကောင်ရေ ၇,၈၅၀ မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် အကောင်ရေ ၄,၅၀၀ ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုရှိလာခဲ့ပြီးနောက် ဒေသအာဏာပိုင်တွေက ကြက်၊ ဘဲအကောင်ရေ ၁၇,၈၂၈ ကောင်ကို ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ ဆိုပါတယ်။

(Map: Google)

ဟူနန်ပြည်နယ်မှာ H5N1 ဗိုင်းရပ်စ် လူတွေကို ကူးစက်ခံရမှု မရှိခဲ့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တရုတ်မှာသာ တွေ့ရှိခဲ့ရတာ မဟုတ်ဘဲ ယခု သီတင်းပတ်အစောပိုင်းက အိန္ဒိယနိုင်ငံမှာလည်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပါရှိတဲ့ ကြက်နဲ့ကြက်ဥများကို ဖျက်ဆီးပစ်ခဲ့ကြောင်း သိရပါတယ်။

ထို့အတူ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်တဲ့ H5N8 ကူးစက်ပျံ့နှံ့မှုကိုလည်း လတ်တလော သီတင်းပတ်များအတွင်း အရှေ့ဥရောပမှာ တွေ့ရှိခဲ့ရပါတယ်။ H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ၁၉၉၆ ခုနှစ်က တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး အဓိကအားဖြင့် ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်တွေမှာ သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။

(Photo: Reuters)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အဆိုအရ H5N1 ကြက်ငှက်တုပ်ကွေးဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ပေမဲ့ ကူးစက်ရန်ခက်ခဲကြောင်း သိရပါတယ်။ WHO စာရင်းတွေအရ ၂၀၀၃ မှ ၂၀၁၉ ခုနှစ်အထိ လူ ၈၆၁ ဦးမှာ H5N1 ကူးစက်ခံခဲ့ရပြီး ၎င်းတို့အနက် ၄၅၅ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်း တရုတ်မှာ ကြက်ငှက်တုပ်ကွေးကူးစက်ခံရသူ ၅၃ ဦးရှိခဲ့ပြီး ၃၁ ဦး သေဆုံးခဲ့ပါတယ်။ ကြက်ငှက်တုပ်ကွေးဟာ ၂၀၀၂-၂၀၀၃ ခုနှစ်မှာ ကူးစက်ဖြစ်ပွားခဲ့ဖူးတဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါနဲ့ ယခုလတ်တလော ကူးစက်ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်တို့ထက် သေဆုံးမှုနှုန်းပိုများပါတယ်။ သို့သော် ယခုအချိန်အထိ လူတွေမှာ H5N1 ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားမှု မရှိသေးကြောင်း သိရပါတယ်။

(Photo: Reuters)

လက်ရှိမှာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်တွေ့ရှိခဲ့ရပြီး WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုတွေ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၂ ရက်) မနက်ပိုင်းအထိ 2019-nCoV ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ လူ ၃၀၄ ဦးနဲ့ ဖိလစ်ပိုင်မှာ ၁ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၁၃,၇၁၂ ဦးရှိလာပါတယ်။ ဖေဖေါ်ဝါရီ ၂ ရက် မနက်ပိုင်းအထိတရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ နိုင်ငံနဲ့ နယ်မြေဒေသ ၂၇ ခုမှာ 2019-nCoV ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၃,၈၇၂ ဦးရှိကြောင်း သိရပါတယ်။

Source: Reuters, SCMP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က