အမေရိကန်အစိုးရရဲ့ နည်းပညာပိတ်ပင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ Huawei နဲ့ ZTE တို့ဟာ တရုတ်နိုင်ငံအတွင်း 5G Base Stations တည်ဆောက်မှုကို အရှိန်လျှော့ချထားတယ်လို့ ဆိုပါတယ်။
တယ်လီကွန်းဆက်သွယ်ရေးပစ္စည်းတွေ ထုတ်လုပ်နေတဲ့ တရုတ် Telecom Provider ကြီးနှစ်ခုဟာ မကြာသေးခင်ကပဲ ပင်မ supply chain နဲ့ ပတ်သက်ပြီး မသေချာမရေရာမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ Huawei နဲ့ ZTE တို့နှစ်ဦးစလုံးဟာ တရုတ်နိုင်ငံအတွင်း 5G Base Station ကန်ထရိုက်အားလုံးရဲ့ ၈၀% ကျော် ရထားတာ ဖြစ်တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။
Photo: Business Insider
Huawei နဲ့ ZTE တို့ဟာ တရုတ်နိုင်ငံတော်ပိုင် Carrier ကြီး သုံးခုဖြစ်တဲ့ China Mobile ၊ China Unicom နဲ့ China Telecom တို့ဆီက 5G base station ကန်ထရိုက်တွေ ရထားတာပါ။ ဒီတယ်လီကွန်း Carrier ကြီးသုံးခုဟာ ယခုနှစ် 5G ဖွံ့ဖြိုးမှုအတွက် သုံးခုပေါင်း ဘက်ဂျက်ယွမ် ၁၈၀.၃ ဘီလျံ သုံးစွဲသွားမယ်လို့ China News Services က ဆိုပါတယ်။
အခုလို 5G အခြေခံအဆောက်အဦတည်ဆောက်ဖို့ အခက်တွေ့နေခြင်းဟာ အရေးပါတဲ့ ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူဖို့အမေရိကန်တင်ပို့ကုန်ထိန်းချုပ်မှုရဲ့ လက်ထဲမှာ ရှိနေတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ Nikkei Asia Review သတင်းအရ Huaweiနဲ့ ZTE တို့ဟာ အမေရိကန်အစိတ်အပိုင်းတွေကို တတ်နိုင်သမျှ ဖယ်ရှားနိုင်ဖို့ သူတို့ရဲ့ 5G ထုတ်ကုန်တစ်ချို့ကို ပြန်ပြီး Re-design လုပ်နေတယ်လို့ ဆိုပါတယ်။
Photo: Tech Node
တစ်ချို့ suppliers တွေကိုလည်း ဇွန်လထဲမှာ 5G base station နဲ့ ဆက်စပ်နေတဲ့ ထုတ်ကုန်တစ်ချို့ တင်ပို့မှု လျှော့ချဖို့လည်း ကုမ္ပဏီနှစ်ခုစလုံးမှ ညွှန်ကြားထားပါတယ်။ တစ်ဖက်မှာလည်း မုတ်သုန်ရာသီအတွင်း တရုတ်တောင်ပိုင်း ရေကြီးရေလျှံမှုတွေကြောင့် 5G base station ဆောက်လုပ်ဖို့ အခက်အခဲများ ရှိနေပါတယ်။
ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ အမေရိကန်ထုတ်ပစ္စည်းများ Huawei နဲ့ ZTE တို့ထံ တင်ပို့ရောင်းချမှုကို ပိတ်ပင်ကန့်သတ်ထားပါတယ်။