ထိုင်းမှာ ဖေဖေါ်ဝါရီလအတွင်း တရုတ်ခရီးသွားဦးရေ ၉၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။

ဆင်စခန်းတွေကို လာရောက်လည်ပတ်သူမရှိ၊ ဈေးဆိုင်တွေ မရောင်းရဘဲ သုံးဘီးယာဥ်မောင်းတွေ ငုတ်တုပ်ထိုင်နေရတာတွေက တရုတ်ခရီးသွားများ လာရောက်လေ့ရှိကြတဲ့ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေမှာ လတ်တလောကာလအတွင်း မြင်တွေ့နေကြရတဲ့ မြင်ကွင်းအချို့ပဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ရာနဲ့ချီ ဆုံးရှုံးရမယ့်အရေး ရင်ဆိုင်နေရပါတယ်


(Photo: AFP)

အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် COVID-19 ကူးစက်မှု စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်ခရီးသွားလုပ်ငန်း ကျဆင်းသွားမှုက အရှေ့တောင်အာရှအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ရာနဲ့ချီ ဆုံးရှုံးရမယ့်အရေး ရင်ဆိုင်နေရပါတယ်။ လာအိုမြောက်ပိုင်း Luang Prabang မှ ထိုင်းနိုင်ငံ ပတ္တယားအထိ၊ ဗီယက်နမ်နိုင်ငံ Hoi An နဲ့ ကမ္ဘောဒီးယား ကာစီနိုလောင်းကစားမြို့ Sihanoukville လို နေရာတွေဟာ ဗိုင်းရပ်စ်ကြောင့် အိမ်မှာပဲနေကြရမယ့် ကန့်သတ်ချက်တွေအရ တရုတ်ခရီးသွားတွေ အလည်အပတ် မလာနိုင်ကြတဲ့အခါ စီးပွားရေးလုပ်ငန်းအခြေအနေ ထိုးစိုက်ကျဆင်းသွားခဲ့ပါတယ်။

"ယူနန်ကနေ လမ်းပိတ်လိုက်ကတည်းက တရုတ်တွေ မလာကြတာ ၁၀ ရက်ရှိပြီ၊ စီးပွားရေးက ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ ကျသွားတယ်၊ နောက် ပိုဆိုးလာအုံးမှာပဲ" လို့ အသက် ၄၇ နှစ်အရွယ် Ong Tau အမည်ရှိ Luang Prabang မှာ သစ်သီးဖျော်ရည်ရောင်းသူ အမျိုးသမီးက ဆိုပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံသားတွေ အိမ်မှာပဲနေကြရ

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းဖြစ်နေချိန်မှာ ကမ္ဘာ့အကြီးမားဆုံး ခရီးသွားအုပ်စုဖြစ်တဲ့ တရုတ်နိုင်ငံသားတွေ အိမ်မှာပဲနေနေကြရတာကြောင့် ဧည့်လမ်းညွှန်များ၊ ဈေးဆိုင်ဝန်ထမ်းများနဲ့ စားသောက်ဆိုင်ဝန်ထမ်းများ အားလုံးဟာ အလုပ်အကိုင်မကောင်းတဲ့အဖြစ်ကို ကြုံနေကြရပါတယ်။

"ကျွန်တော့်သူငယ်ချင်းဆိုရင် ခရီးသွားအုပ်စုကြီး လေးခု ဒါမှမဟုတ် ငါးခုအထိ လက်လွှတ်ခဲ့ရတယ်ဗျ၊ သူတို့က သူအလုပ်ပါးတဲ့အချိန်မှာ ငွေပေးကြမယ့်သူတွေလေ" လို့ Luang Prabang မှာ ဧည့်လမ်းညွှန်လုပ်နေသူ Tee က ပြောပါတယ်။ သူ့ရဲ့နောက်ဘက်မှာတော့ ငှားရမ်းစီးသူမရှိဖြစ်နေတဲ့ သုံးဘီးယာဥ်တွေကို တန်းစီရပ်နားထားလျက် တွေ့ရပါတယ်။

(Photo: AFP)

အရှေ့တောင်အာရှမှာ အင်အားနည်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လာအိုဟာ တရုတ်ဗိုင်းရပ်စ်ဂယက်ကြောင့် ရုတ်တရက် စီးပွားရေးထိခိုက်မှု ကြုံရနိုင်ဖွယ်ရှိပါတယ်။ "ကျွန်တော်တို့လည်း ဗိုင်းရပ်စ်ကိစ္စ ကိုယ့်ဟာကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာ မသိပါဘူးဗျာ၊ အစိုးရကလည်း ပြည်သူတွေကို ဘာတစ်ခုမှ မပြောဘူး၊ အဲဒီတော့ လောလောဆယ်ကတော့ တရုတ်တွေ အလာနည်းနေတာက ကောင်းတယ်လိုပဲ ဆိုရမှာပေါ့လေ" လို့ Tee က ဖွင့်ဟပါတယ်။

လူတွေက လာလည်ကြဖို့ကို ကြောက်နေတယ်၊ ဒီလိုသာ ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော် ဘဏ်ကနေ ချေးငွေယူရတော့မှာပဲ

အကြွေးနဲ့ အလုပ်အကိုင်ဆုံးရှုံးရမှုများ

ဗိုင်းရပ်စ်ဂယက်ရိုက်ခတ်မှုနဲ့အတူ တရုတ်ခရီးသွားတွေ မလာနိုင်ကြတော့ဘဲ အလုပ်အကိုင်မကောင်းတဲ့အဖြစ်ကို ထိုင်းနိုင်ငံမှာလည်း သိသိသာသာ တွေ့ကြုံခံစားရနေရပါတယ်။ ယခင်က ထိုင်းနိုင်ငံကို တစ်လလျှင် ပုံမှန်အားဖြင့် တရုတ်ခရီးသွား တစ်သန်းနီးပါးအထိ လာရောက်လည်ပတ်ခဲ့ကြပေမဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း ယခု ဖေဖေါ်ဝါရီလမှာတော့ တရုတ်ခရီးသွားဦးရေ ၉၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။

ဘန်ကောက်မြို့တောင်ဘက် နာရီအနည်းငယ်အကြာသွားရတဲ့ ပတ္တယားရှိ Chang Siam ဆင်စခန်းပိုင်ရှင် Nantakorn Phatnamrob က မကြာခင် အကြွေးတင်တော့မယ့်အရေးကို စိုးရိမ်ပူပန်နေပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုပြဿနာ စဖြစ်ကတည်းက သူ့ရဲ့လုပ်ငန်းဟာ အမေရိကန်ဒေါ်လာ ၆၅,၀၀၀ နီးပါး အရှုံးပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

"လူတွေက လာလည်ကြဖို့ကို ကြောက်နေတယ်၊ ဒီလိုသာ ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော် ဘဏ်ကနေ ချေးငွေယူရတော့မှာပဲ" လို့ Nantakorn Phatnamrob က AFP သတင်းဌာနကို ရင်ဖွင့်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ အငြင်းပွားဖွယ်ရာ ကမ္ဘာလှည့်ခရီးသွား လည်ပတ်ရာနေရာတွေဖြစ်တဲ့ မိကျောင်းမွေးမြူရေးစခန်းတွေနဲ့ ကျားဘုန်းကြီးကျောင်းလို နေရာတွေမှာလည်း လူသူခြောက်ကပ်နေပြီး ပိုင်ရှင်တွေဟာ တိရိစ္ဆာန်တွေအတွက် ကုန်ကျစရိတ်ကြီးမားတဲ့ အစားအစာကျွေးမွေးရတဲ့ အခက်အခဲတွေရှိနေပါတယ်။

ဗိုင်းရပ်စ်ဂယက်က ထိုင်းကို တရုတ်ခရီးသွားတွေ လာရောက်မှုအပြင် အနောက်နိုင်ငံများမှ ခရီးသွားလာရောက်မှုကိုပါ ကျဆင်းသွားစေခဲ့တာ ဖြစ်ပါတယ်။ Bank of Thailand မှ စီးပွားရေးမူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး Don Nakornthab ရဲ့ အဆိုအရ ထိုင်းနိုင်ငံကို ယခုနှစ်အတွင်း အနောက်နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွား ငါးသန်းလာရောက်နိုင်ပြီး ၎င်းတို့ထံမှ ထိုင်းဘတ် ၂၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်) ဝင်ငွေရရှိမယ်လို့ မျှော်မှန်းထားခဲ့ပါတယ်။

စီးပွားရေးက အရင်နှစ်ကထက် ပိုကောင်းလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတာတွေ ဖြစ်လာဖို့က အရမ်းနည်းသွားပါတယ်
(Photo: AFP)

"စီးပွားရေးက အရင်နှစ်ကထက် ပိုကောင်းလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတာတွေ ဖြစ်လာဖို့က အရမ်းနည်းသွားပါတယ်၊ စီးပွားရေးက ဒီနှစ်မှာ ၂ ရာခိုင်နှုန်းအောက်ပဲ တိုးတက်နိုင်ပါတယ်" လို့ Don Nakornthab က သုံးသပ်ပါတယ်။ ယခုအခြေအနေတွေက အရေအတွက် မဖော်ပြနိုင်လောက်အောင် များပြားတဲ့ ခရီးသွားလုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်နေကြသူ ထိုင်းနိုင်ငံသားတွေအတွက် သတင်းဆိုးတွေ ဖြစ်နေပါတယ်။

ပတ္တယားမှာ ဖန်စီလက်ဝတ်တန်ဆာတွေ ရောင်းချနေတဲ့ အသက် ၂၂ နှစ်အရွယ် မမြဆိုသူ အမျိုးသမီးကတော့ အလုပ်အကိုင်မကောင်းတာကြောင့် မကြာခင် ထိုင်းမြောက်ပိုင်းရှိ သူမရဲ့အိမ်ကို ပြန်တော့မယ်လို့ ဆိုပါတယ်။ "အကျိုးအမြတ်လည်း မရှိတော့ဘူးလေ၊ အားလုံး အခြေအနေ ဆိုးသွားပြီ" လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

(Photo: AFP)

ပြန်ကောင်းလာဖို့ မျှော်လင့်ဆုတောင်း

COVID-19 ကူးစက်ပျံ့နှံ့မှုတွေ ရှိနေပေမဲ့လည်း မဲခေါင်ဒေသ နိုင်ငံအချို့ကတော့ တရုတ်ခရီးသွားဝင်ရောက်မှုကို အပြင်းအထန် ကန့်သတ်ပိတ်ပင်တာမျိုး မလုပ်ဆောင်ကြပဲ ထိုနိုင်ငံများသို့ တရုတ်ခရီးသွားတွေ လာရောက်နေကြဆဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅ ဦးအထိ စစ်ဆေးတွေ့ရှိထားတဲ့ ထိုင်းနိုင်ငံက တရုတ်ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာ ပေးထားပါတယ်။

ထို ၃၅ ဦးအနက် အနည်းဆုံး နှစ်ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ တရုတ်ခရီးသွားတွေကို ကားမောင်းနှင်ပေးခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ထိုအခြေအနေအရ စီးပွားရေးက ကျန်းမာရေးအကျပ်အတည်းထက် ပိုမိုဦးစားပေးစရာ ဖြစ်နေခဲ့မှုအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

အရင်တုန်းက တစ်နေ့ အမေရိကန်ဒေါ်လာ ၁၀၀ လောက်ရတယ်၊ အခုတော့ တစ်နေ့ ၁၀ ဒေါ်လာပဲရတယ်ဗျ

(Photo: AFP)

တစ်နှစ်လျှင် တရုတ်ခရီးသွား ၁၀ သန်း လာရောက်လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း ကျဆင်းထိခိုက်မှုဟာ လအနည်းငယ်အတွင်း ပြန်လည်ဦးမော့လာမယ်လို့ မျှော်လင့်ထားပါတယ်။ ထိုင်းကို ပုံမှန် လာရောက်လည်ပတ်လေ့ရှိတဲ့ တရုတ်နိုင်ငံ ချန်ဒူးမြို့မှ အသက် ၂၅ နှစ်အရွယ် Yen Ran ကတော့ ကျန်းမာရေးသတိပေးချက်တွေ ရှိနေပေမဲ့လည်း ပတ္တယားကို ရောက်လာခဲ့ပါတယ်။ "တခြား နိုင်ငံတွေက ကျွန်မတို့ကို ဘယ်လို တွေးထင်မလဲဆိုတာ ကျွန်မ နည်းနည်း စိုးရိမ်မိတယ်၊ ဒါပေမဲ့ ကုထုးတစ်ခုရှိလာတဲ့အချိန်ကျရင်တော့ အားလုံး အဆင်ပြေသွားမှာပါ" လို့ သူမက AFP ကို ပြောပါတယ်။

ထိုအတောအတွင်း တရုတ်ရဲ့မဟာမိတ်ဖြစ်ပြီး နိုင်ငံအတွင်း တရုတ်လူမျိုး အများအပြားရှိနေတဲ့ ကမ္ဘောဒီးယားမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးသာ စစ်ဆေးတွေ့ရှိရတယ်လို့ အတည်ပြုထားပါတယ်။ အာဏာရှင်ဆန်တဲ့ ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်က သူ့ရဲ့နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရယ်ကို လျှော့လျှော့ပေါ့ပေါ့သာ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

တခြား နိုင်ငံတွေက ကျွန်မတို့ကို ဘယ်လို တွေးထင်မလဲဆိုတာ ကျွန်မ နည်းနည်း စိုးရိမ်မိတယ်

(Photo: AFP)

ကမ္ဘောဒီးယားရဲ့ ခရီးသွားလုပ်ငန်းဟာလည်း ဆက်လက် ကျဆင်းနေဆဲဖြစ်နေပါတယ်။ ယခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မှာရှိတဲ့ ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းနေရာ ဝင်ခွင့်လက်မှတ် ရောင်းချရမှုဟာ ၃၀ နဲ့ ၄၀ ရာခိုင်နှုန်းကြား ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားတောင်ပိုင်းရှိ ကာစီနိုလောင်းကစားရုံများဖြင့် နာမည်ကျော်တဲ့ အပန်းဖြေကမ်းခြေနေရာ Sihanoukville မှာလည်း ကမ္ဘာလှည့်ခရီးသွားလာရောက်မှု လျော့နည်းနေခဲ့ပါတယ်။

"အရင်တုန်းက တစ်နေ့ အမေရိကန်ဒေါ်လာ ၁၀၀ လောက်ရတယ်၊ အခုတော့ တစ်နေ့ ၁၀ ဒေါ်လာပဲရတယ်ဗျာ" လို့ တက္ကစီမောင်းသူ Chantha Reak က ဖွင့်ဟပြောပါတယ်။ တရုတ်နဲ့ဆက်နွယ်နေတဲ့ ကမ္ဘာတစ်ဝှမ်းမှ စီးပွားရေးလုပ်ငန်းတွေကတော့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ချိန်မှာ အခြေအနေပြန်ကောင်းလာရန် ဆုတောင်းလို့သာနေကြရပါတယ်။

Share

Loading Next Article...
က္က