တရုတ်နိုင်ငံမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် နောက်ထပ် လူ ၁၃၆ ဦး သေဆုံးခဲ့ပြီးနောက် ယနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) ထုတ်ပြန်ချက်အရ သေဆုံးသူအရေအတွက် ၂,၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း သိရပါတယ်။
(Photo: Noel Celis/AFP)
တရုတ်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်မှုအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှုကတော့ ဆက်တိုက်ကျဆင်းသွားခဲ့ကြောင်းလည်း သိရပါတယ်။ ယနေ့ မနက်ပိုင်းအထိ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားတဲ့ တရားဝင် စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ COVID-19 လို့ အမည်သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူအရေအတွက် ၂,၀၀၄ ဦးရှိလာပြီး ကူးစက်ခံရသူ ၇၄,၁၈၅ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။
ဗိုင်းရပ်စ်စတင်တွေ့ရှိရာ ဟူးဘေးပြည်နယ်မှာ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။ တရုတ်ကျန်းမာရေးကော်မရှင်က နေ့စဥ် အသစ်ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁,၇၄၉ ဦးရှိပြီး ယခုလအတွင်း ကူးစက်ခံရမှုနှုန်း အနည်းဆုံးသို့ ကျဆင်းလာခဲ့ပါတယ်။
(Photo: AFP)
ဟူဘေးပြည်နယ်မှာ ကူးစက်ခံရသူ အသစ်တွေ့ရှိမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ ဟူဘေးပြည်နယ်ပြင်ပမှာ ကူးစက်ခံရသူ နောက်ထပ် ၅၆ ဦး တွေ့ရှိရပြီး ၁၅ ရက်ဆက်တိုက် လျော့ကျသွားခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ ထိုအတောအတွင်း ဗိုင်းရပ်စ်အသစ် စတင်တွေ့ရှိခဲ့တဲ့ ဟူဘေးပြည်နယ်မြို့တော် ဝူဟန်မြို့ ဗဟိုဆေးရုံကြီးမှ ညွှန်ကြားရေးမှူး ဆရာဝန် သေဆုံးသွားခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သတ္တမမြောက် ကျန်းမာရေးဝန်ထမ်း သေဆုံးမှုဖြစ်လာပါတယ်။
တရုတ်အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာအများစုဟာ မပြင်းထန်တဲ့ နာမကျန်းမှုဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုနှုန်း လျော့ကျသွားခြင်းဟာ ကူးစက်မှုကို ထိန်းချုပ်လာနိုင်တဲ့ လက္ခဏာဖြစ်တယ်လို့လည်း တရုတ်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
(Photo: AFP)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက (World Health Organization - WHO) ကတော့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဆက်လက် ကျဆင်းသွားမယ်လို့ပြောရန် စောလွန်းနေသေးကြောင်း သတိပေးထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းကျော်ဟာ မပြင်းထန်တဲ့ရောဂါဖြစ်ခဲ့ကြောင်းလည်း WHO က ပြောထားပါတယ်။
ယနေ့ မနက်ပိုင်းအထိ တရားဝင် စာရင်းတွေအရ COVID-19 ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်ကြီးပြင်ပဖြစ်တဲ့ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ ပြင်သစ်တို့မှာ တစ်ဦးစီ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၀၀၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇,၅၁၆၆ ဦးရှိပြီး ၁၄,၅၂၉ ဦး ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။