တရုတ်ပြင်ပ နိုင်ငံသုံးခုမှာ လူတစ်ဦးမှတစ်ဦးသို့ ဗိုင်းရပ်စ်အသစ် ကူးစက်မှုဟာ စိုးရိမ်စရာဖြစ်နေပြီး ကျွမ်းကျင်သူတွေက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာရန် အစည်းအဝေး ပြန်လုပ်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပါတယ်။
(WHO အကြီးအကဲနှင့် တရုတ်သမ္မတို့ တွေ့ဆုံခဲ့စဥ်) (Photo: Xinhua/News.CN)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Orgasization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာစဥ် ဂျနီဗာမြို့မှာ ဇန်နဝါရီ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ပြင်ပ နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ဗီယက်နမ်နဲ့ ဂျပန်တို့မှာ လူတစ်ဦးမှတစ်ဦးသို့ အဆုတ်ရောင်ရောဂါ ဗိုင်ရပ်စ်အသစ် ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိထားကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ဟန့်တားရေး တရုတ်အစိုးရရဲ့ ဆောင်ရွက်မှုတွေကို WHO က ချီးကျူးခဲ့ပါတယ်။ "တရုတ်သမ္မတရဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို သိရှိထားမှုနဲ့ သူကိုယ်တိုင် ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်နေမှုတွေက ကျွန်တော်ကို အရမ်းအားတက်စေခဲ့ပြီး သဘောကျမိပါတယ်၊ ဒါက စစ်မှန်တဲ့ ခေါင်းဆောင်မှုပါပဲ" လို့ WHO အကြီးအကဲက ပြောပါတယ်။ ဗိုင်းရပ်စ်အသစ် ကူးစက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသို့ နိုင်ငံတကာကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ့် အစီအစဥ်ကိုလည်း တရုတ်အစိုးရနဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
(ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာတစ်ဦး) (Photo: The Central Hospital Of Wuhan/Reuters)
ထိုအဖွဲ့မှာ WHO ဝန်ထမ်းတွေနဲ့ နိုင်ငံအသီးသီးမှ ကျွမ်းကျင်သူတွေ ပါဝင်မှာဖြစ်ပြီး တရုတ်အစိုးရဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ အစီအစဥ်တွေ လုပ်ဆောင်သင့်တယ်လို့ Tedros Adhanom Ghebreyesus က ပြောပါတယ်။ လွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင် ၁၆ ဦးပါဝင်တဲ့ အဖွဲ့က ယနေ့ (ဇန်နဝါရီ ၃၀ ရက်) မှာ တစ်ပတ်အတွင်း တတိယအကြိမ် တံခါးပိတ် အစည်းအဝေးပြုလုပ်ပြီး ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခြင်းပြု မပြု ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ယခင် ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေမှာတော့ ထိုသို့ ကြေညာရန် အချိန်စောလွန်နေသေးကြောင်း ဆုံးဖြတ်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့မှုတွေ စတင်တွေ့ရှိရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
(ဝူဟန်မြို့မှာ ဆရာဝန်နှင့်တွေ့ရန် စောင့်ဆိုင်းနေသူများ) (Photo: AFP)
ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။
"တရုတ်သမ္မတရဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို သိရှိထားမှုနဲ့ သူကိုယ်တိုင် ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်နေမှုတွေက ကျွန်တော်ကို အရမ်းအားတက်စေခဲ့ပြီး သဘောကျမိပါတယ်၊ ဒါက စစ်မှန်တဲ့ ခေါင်းဆောင်မှုပါပဲ"
ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းအချိန်အထိ သိရှိရတဲ့ သတင်းအချက်အလက်များအရ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်ပြည်မကြီးမှာ လူ ၁၃၂ ဦး သေဆုံးပြီး လူ ၆,၀၇၈ ဦးမှာ ကူးစက်ခံထားရပါတယ်။ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၆,၁၇၂ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
(တောင်ကိုရီးယားလေဆိပ်မှာ ကျန်းမာရေးစစ်ဆေးစဥ်) (Photo: Reuters)
တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့ ညနေပိုင်းအထိ ထိုင်းမှာ ၁၄ ဦး၊ စင်ကာပူမှာ ၁၀ ဦး၊ ဟောင်ကောင်မှာ ၈ ဦး၊ ထိုင်ဝမ်မှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ မလေးရှားမှာ ၇ ဦး၊ ဂျပန်မှာ ၇ ဦး၊ ဩစတြေးလျမှာ ၆ ဦး၊ အမေရိကန်မှာ ၅ ဦး၊ တောင်ကိုရီးယားမှာ ၄ ဦး၊ ပြင်သစ်မှာ ၄ ဦး၊ ဂျာမနီမှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ ဗီယက်နမ်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။