သူတို့နှစ်ယောက်ကိုသုံးလို့ ကမ္ဘာပျက်မယ်ဆိုရင်တောင် နောင်တမရဘဲ ဆက်သုံးသွားဦးမယ့်ပုံပါပဲ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဖရက်ဒ်နဲ့ တွမ်မီနေးတို့ ကွင်းလယ်အတွဲကို ကာကွယ်ပြောကြားသွားခဲ့ပါတယ်။

ဒီကစားသမားနှစ်ယောက်ဟာ ကွင်းလယ်ခံစစ်ကစားသမားကောင်းကောင်း မရှိတဲ့ ယူနိုက်တက်ကွင်းလယ်မှာ အမြဲလိုလိုတွဲဖက် ပွဲထွက်နေကျဖြစ်ပေမယ့် ပုံစံကောင်းပြသနိုင်ခြင်းမရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။


နောက်ဆုံးကစားခဲ့တဲ့ ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း သူတို့နှစ်ယောက်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ်ခဲ့ပေမယ့် ဆိုးလ်ရှားကတော့ တွမ်မီနေးနဲ့ဖရက်ဒ်တို့ အတွဲအပေါ် ယုံကြည်မှုအပြည့်အဝရှိနေဆဲဖြစ်ပါတယ်။

ဒီညမှာ ကစားမယ့် ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာလည်း သူတို့နှစ်ယောက်ပဲ ဆက်လက်ပွဲထွက်လာဖွယ်ရှိပြီး ဒါနဲ့ပတ်သက်လို့ ဆိုးလ်ရှားက “အရင်ဆုံး ပြောချင်တာက သူတို့နှစ်ယောက်ရဲ့ အချက်အလက်မှတ်တမ်းတွေက ကျွန်တော်တို့ ဘာကြောင့်ရလဒ်ကောင်းခဲ့လဲဆိုတာကို ပြသနေပါတယ်”

“အသင်းအတွက် သူတို့က ခွန်အားတွေပေးစွမ်းနိုင်ပြီး ဗီလာနဲ့ပွဲမှာလည်း Broke up ကစားတာတွေ ကောင်းမွန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အတွဲက အခုထက် လေးစားမှုတွေ ပိုမိုရရှိသင့်ပါတယ်။ ကျွန်တော်လည်း ဒီအတွဲကို သဘောကျပြီး သူတို့မှာရှိတဲ့ အရာအားလုံး ပေးဆပ်နိုင်တဲ့အပေါ်မှာ အမြဲတမ်း ယုံကြည်လို့ရတဲ့ ကစားသမားတွေပါ”

“ပရိသတ်တွေကတော့ ကစားသမားရွေးချယ်မှုအပိုင်းနဲ့ပတ်သက်လို့ အမြင်အမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ဆီမှာ ကစားသမားကောင်းတွေ အများကြီးရှိနေတဲ့အခါမျိုးမှာပေါ့။ ဘယ်သူက ဝင်ကစားသင့်လဲဆိုတာကို ပြောရတာလွယ်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုချန်ထားရမလဲဆိုတာက ခက်ခဲပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နှစ်က အေဂျက်စ်ကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို နေရာမပေးတာနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသင်းအနေနဲ့လည်း ကွင်းလယ်အဖျက် ကစားသမားကောင်းကောင်းလိုတာနဲ့ပတ်သက်လို့ ထောက်ပြမှုတွေရှိနေပေမယ့် မဖြည့်ဆည်းနိုင်ခဲ့ဘဲ လာမယ့်အပြောင်းအရွှေ့တွေမှသာ ဒီနေရာအတွက် ပြင်ဆင်အားဖြည့်သွားဖွယ်ရှိနေပါတယ်။ 

Share

က္က