ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ဖာနန်ဒက်စ်က ပြောဆိုခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာက အသင်းအတွက် အများကြီးလုပ်ပေးနိုင်စွမ်းရှိတယ်လို့ ပြောဆိုသွားခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွငး်လယ်လူဘရူနိုဖာနန်ဒက်စ်က သူနဲ့တစ်ခါမှတွဲဖက်မကစားရသေးတဲ့ အသင်းဖော်ပေါ့ဂ်ဘာအပေါ် ယုံကြည်မှုအပြည့်အဝရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ဖာနန်ဒက်စ်က ပြောဆိုခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာက အသင်းအတွက် အများကြီးလုပ်ပေးနိုင်စွမ်းရှိတယ်လို့ ပြောဆိုသွားခဲ့တာပါ။
ဇန်နဝါရီလအတွင်းမှာ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အသင်းကို ရှုံးပွဲမရှိရလဒ်တွေရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ပေါ့ဂ်ဘာမရှိချိန်မှာ အသင်းရဲ့အားအထားရဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာကတော့ ပြန်လည်ကစားပေးနိုင်တော့မယ့်အချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေရပ်ဆိုင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖာနန်ဒက်စ်နဲ့တွဲဖက်ကစားနိုင်ဖို့ စောင့်ဆိုင်းနေခဲ့ရပါတယ်။
"ဘောလုံးပွဲတွေမရပ်တန့်ခင် အပတ်မှာ ကျွန်တော်တို့နဲ့အတူ သူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်၊ ဒါကြောင့် သူ ပြန်ကစားနိုင်ချိန်မှာ အသင်းအတွက်ကစားပေးနိုင်မယ် ကျွန်တော်ထင်ခဲ့တာပါ၊ အများကြီးလည်း သူ့ဆီကနေ မျှော်လင့်ထားပါတယ်၊ သူက ကျွန်တော်တို့ကို အများကြီးပေးစွမ်းနိုင်သူလို့ ယုံကြည်ပါတယ်၊ သူ့မှာ အရည်အသွေးအများကြီးရှိပါတယ်"
"အသင်းရဲ့ အပေါင်းဆန်တဲ့ခွန်အားတွေကြောင့် သူ့အပေါ်မှာ လူတွေအရင်ကထက်ပိုပြီး စိတ်ရှည်လာနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပွဲတွေအများကြီးအနိုင်ရခဲ့လို့ပါ၊ တခါတလေ ကျွန်တော်တို့မှားယွင်းနေတယ်လို့ ခံစားမိပါတယ်၊ ဒါပုံမှန်ပါပဲ၊ ဘာကြောင့်လဲဆိုရင် ပရိသတ်တွေက အနိုင်ရတာပဲလိုချင်တာပါ၊ ဘောလုံးက ဒါပါပဲ၊ အနိုင်ရဖို့အတွက်ပါပဲ၊ ဒါကြေင့် သူပြန်လာချိန်မှာ ဒါတွေကိုခံစားမိပြီး အသင်းအတွက်ပေးဆပ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဖာနန်ဒက်စ်ကပြောဆိုခဲ့ပါတယ်။
ပေါ့ဂ်ဘာကတော့ ယူနိုက်တက်အတွက် ဒီရာသီမှာ ၇ ပွဲသာကစားပေးထားခဲ့ရသူဖြစ်ပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ပြန်လည်ကစားနိုင်ခဲ့ပေမယ့် ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်ခဲ့တာကြောင့် ကုသခဲ့ရပါတယ်။ ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း အသင်းအတွက် ပြန်လည်ကစားပေးဖို့ ဆန္ဒပြင်းပြနေတယ်လို့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။