ကနေဒါလက်ရွေးစင်နဲ့ ဘိုင်ယန်မြူးနစ်ကစားသမားအယ်လ်ဖွန်ဆိုဒေးဗီးစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူရရှိမယ့် ဆုကြေးငွေအားလုံးကို ပရဟိတအဖွဲ့အစည်းတွေဆီ ပြန်လည်လှူဒါန်းသွားမယ်လို့ ကတိပေးလိုက်ပါတယ်။ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး အယ်လ်ဖွန်ဆိုဒေးဗီးစ်က အဓိကကစားသမားတဦးအနေနဲ့ လိုက်ပါခွင့်ရမှာလည်းဖြစ်ပါတယ်။
"ကျနော်နဲ့ ကျနော်ရဲ့မိသားစုကို ပိုပြီးကောင်းတဲ့ဘဝတခုရဖို့ ကနေဒါက အခွင့်အရေးပေးခဲ့တာပါ၊ အဲဒါက ကျနော့်အိပ်မက်တွေကို ဖွင့်ပေးခဲ့တာပါပဲ၊ ကနေဒါအတွက် ကစားပေးရတာ ကျနော် အရမ်းဂုဏ်ယူရပါတယ်၊ ပြန်ပြိးတော့လည်းပေးဆပ်ချင်တယ်၊ အဲဒါကြောင့် ကမ္ဘာ့ဖလားက ရရှိမယ့် ဆုကြေးငွေအားလုံးကို ကျနော် ပရဟိတအဖွဲ့တွေဆီ လှူဒါန်းဖို့ ဆုံးဖြတ်ထားပါတယ်" လို့ ဒေးဗီးစ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
အယ်လ်ဖွန်ဆိုဒေးဗီးစ်ကတော့ ဒုက္ခသည်စခန်းတခုမှာ မွေးဖွားခဲ့သူဖြစ်ပြီး မိခင်နဲ့ ဖခင်ဖြစ်သူတို့ ကနေဒါကို သွားရောက်နေထိုင်ခွင့်ရရှိချိန်မှာ ဘ၀တဆစ်ချိုးပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ကနေဒါမှာ သူ့ရဲ့ ဘောလုံးစွမ်းရည်တွေနဲ့အတူ လူငယ်အသင်းတွေမှာ နာမည်ကျော်ကြားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်တဲ့အထိ အောင်မြင်ခဲ့သူဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ဘိုင်ယန်မြူးနစ်ကို မာနေးပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက်မှာ ဆီနီဂေါသားရဲ့ ပရဟိတစိတ်ဓာတ်တွေက အယ်လ်ဖွန်ဆိုဒေးဗီးစ်ဆီ ကူးစက်သွားခဲ့တယ်လို့ ပြောဆိုချီးကျူးနေကြပါတယ်။ မာနေးကတော့ ဒီအပြောင်းအရွှေ့ရာသီမှာ လီဗာပူးလ်က ဘိုင်ယန်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့မွေးရပ်မြေဆီနီဂေါမှာ အများအကျိုးကို စွမ်းစွမ်းတမံပြုလုပ်ပေးနေလို့ လူချစ်လူခင်ပေါများတဲ့ ကစားသမားဖြစ်ပါတယ်။
ကနေဒါကတော့ ကမ္ဘာ့ဖလားအုပ်စု (စ) မှာ ဘယ်လ်ဂျီယံ၊ မော်ရိုကို၊ ခရိုအေးရှားတို့နဲ့အတူ ကျရောက်နေပါတယ်။ နှစ်ပေါင်း ၃၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ခြေစစ်ပွဲအာင်မြင်ခဲ့တာဖြစ်ပြီး ဒေးဗီးစ်ကလည်း အဓိကကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်