လုံခြုံရေးယိုပေါက်တစ်ခုကနေ ဟက်ကာတစ်ယောက်ဟာ Twitter အကောင့်ပိုင်ရှင် ၅ သန်းကျော်ရဲ့ အချက်အလက်တွေ ပေါက်ကြားစေခဲ့တယ်လို့ ဆိုပါတယ်။
Twitter bug တစ်ခုကြောင့် သန်းနဲ့ချီတဲ့ လျှို့ဝှက်အကောင့်တွေရဲ့ကိုယ်ရေးအချက်အလက်တွေဟာ ဟက်ကာဖိုရမ်တစ်ခုပေါ် ရောက်သွားခဲ့ပြီး အရောင်းအဝယ်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ Twitter ဘက်ကလည်း သုံးစွဲသူအကောင့်တွေ လုံခြုံရေးကျိုးပေါက်ခဲ့တာကို ဝန်ခံခဲ့ပြီး အခုတော့ Bug ကို ပြန်ပြင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ လုံခြုံရေးယိုပေါက်ကို ပြန်လည် ပြင်ဆင်မှု မလုပ်နိုင်ခင်မှာ Twitter IDs ပေါင်း ၅.၄ သန်းကျော်နဲ့ ဆက်စပ်တဲ့ ဖုန်းနံပါတ်တွေ ၊ အီးမေးလ်လိပ်စာတွေလည်း ပေါက်ကြားခဲ့ပါတယ်။
"လုံခြုံရေးပေါက်ကြားမှုရဲ့ ရလဒ်အနေနဲ့ တစ်ယောက်ယောက်က Twitter စနစ်တွေထဲကို ဖုန်းနံပါတ်တွေနဲ့ အီးမေးလ်လိပ်စာတွေ ထည့်သွင်းလာချိန်မှာ Twitter စနစ်တွေဟာ အသုံးပြုသူတွေကို ထည့်သွင်းလိုက်တဲ့ အီးမေးလ်လိပ်စာ ဒါမှမဟုတ် ဖုန်းနံပါတ်တွေနဲ့ ဆက်စပ်မှုရှိနေတဲ့ Twitter အကောင့်တွေ ရှိကြောင်း ပြောသွားမှာပါ" လို့ Twitter ရဲ့ ဘလော့ဂ်ပို့စ်မှာ ပြောထားပါတယ်။
Twitter ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ လုံခြုံရေးယိုပေါက်ကို ပြင်ဆင်ခဲ့တာ ဖြစ်ပေမယ့် စနစ်ထဲ ဝင်ရောက်သွားခဲ့တဲ့ ဟက်ကာဟာ Twitter မသိခင် တစ်လလောက်ကြိုပြီး ဒီယိုပေါက်ကို အသုံးချသွားခဲ့တာပါ။ ၂၀၂၁ ဇွန်လတုန်းက Twitter ရဲ့ update ကနေ ပါလာတဲ့ ဒီယိုပေါက်ကို ကုမ္ပဏီဘက်က နှစ်ဆန်းပိုင်းအထိ သတိပြုမိခဲ့ခြင်း မရှိပါဘူး။ ဟက်ကာတွေဟာ လုံခြုံရေးအားနည်းချက်အတိုင်း ထိုးဖောက်ဝင်ရောက်ဖို့ လပေါင်းများစွာ အချိန်ရခဲ့တာ ဖြစ်ပါတယ်။
Twitter ဘက်ကတော့ ဒီယိုပေါက်ကို တွေ့ချိန်မှာ တစ်ယောက်ယောက်က လုံခြုံရေးပြစ်ချက်ကို အခွင့်ကောင်းယူပြီး အသုံးချသွားတဲ့ လက္ခဏာမတွေ့ရဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့လက Bleeping Computer ရဲ့ အစီရင်ခံစာထဲမှာ ဟက်ကာတွေဟာ ယိုပေါက်အတိုင်း ချိုးဖောက်ဝင်ရောက်ခွင့် ရချိန်မှာ အကောင့်ပေါင်း ၅.၄ သန်းကျော်ရဲ့ အချက်အလက်တွေကို ဟက်ကာဖိုရမ်တစ်ခုပေါ်မှာ ဒေါ်လာ ၃၀၀၀၀ နဲ့ ရောင်းချဖို့ ကြိုးစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖိုရမ်ပေါ်မှာ Twitter သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ရောင်းချဖို့ လာတင်မှ Twitter ဘက်က သုံးစွဲသူအချက်အလက် ချိုးဖောက်ခံရကြောင်း အတည်ပြုခဲ့တာပါ။ Twitter ကုမ္ပဏီဟာ အချက်အလက်ပေါက်ကြားခဲ့တဲ့ အကောင့်ပိုင်ရှင်တွေကို တိုက်ရိုက်အသိပေးတာမျိုး လုပ်ခဲ့ပြီး တရားဝင်မဟုတ်တဲ့ logins တွေကနေ လုံခြုံမှုရှိစေဖို့ နှစ်ဆင့်ခံ လုံခြုံရေးစနစ် Two-Factor Authentication ဖွင့်ထားဖို့ပါ တိုက်တွန်းခဲ့ပါတယ်။
မကြာသေးခင်ကပဲ ဗြိတိန်စစ်တပ်ရဲ့ တရားဝင် Twitter အကောင့်တွေ ဆိုက်ဘာတိုက်ခိုက်ခံရပြီး Cryptocurrency Scam လိမ်ညာမှုမှာ အသုံးချသွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဗြိတိန်စစ်တပ် တရားဝင် Twitter နဲ့ YouTube အကောင့် ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ခဲ့တဲ့ အဖွဲ့အကြောင်း မသိရသေးပေမယ့် စစ်တပ်ဘက်က ဒီအကောင့်တွေကို ပြန်ရယူနိုင်ခဲ့ပြီလို့ ပြီးခဲ့တဲ့ ဇူလိုင်လက Coingape သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။
Twitter ဟာ ၂၀၁၄ နဲ့ ၂၀၁၉ အတွင်း လုံခြုံရေးအတည်ပြုဖို့ အကြောင်းပြချက်နဲ့ သုံးစွဲသူအကောင့်အချက်အလက်တွေကို ခွင့်ပြုချက်မယူဘဲ ကြော်ငြာရှာဖို့အတွက် အသုံးပြုခဲ့တာကြောင့် အမေရိကန်တရားရေးဌာနကို ဒေါ်လာသန်း ၁၅၀ ဒဏ်ကြေးဆောင်ဖို့ ပြီးခဲ့တဲ့ မေလက သဘောတူညီထားပါတယ်။