လူမှုကွန်ရက်ကုမ္ပဏီ Twitter ကို ဝယ်ယူပြီး တစ်လအကြာမှာ အသုံးပြုသူသစ် စာရင်းသွင်းမှု စံချိန်တင်မြင့်တက်လာတယ်လို့ Twitter သူဌေး အီလွန်မတ်စ်က ပြောပါတယ်။
အသုံးပြုသူ User သစ် စာရင်းဖွင့်လှစ်မှုဟာ ကုမ္ပဏီသမိုင်းတောက်လျှောက်မှာ အမြင့်ဆုံးပဲလို့ ပြောလိုက်တာပါ။ စနေနေ့ ညနေပိုင်းမှာ Twitter ပိုင်ရှင်သစ် အီလွန်မတ်စ်ဟာ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေနဲ့ ပလက်ဖောင်းပေါ် သူ့ရဲ့ ရှေ့ရေးအမြင်တွေအကြောင်း မျှဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့အထိ Twitter ဟာ ပြီးခဲ့တဲ့ ၇ ရက်ကျော်အတွင်း တစ်ရက်ကို အသုံးပြုသူသစ် ၂ သန်းကျော်နှုန်း တိုးလာနေတယ်လို့ အီလွန်မတ်စ် တစ်ဆင့်မျှဝေတဲ့ ဂရပ်ဖ်တစ်ခုက ဖော်ပြထားပါတယ်။
Photo:foxbusiness
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကာလတူ ၇ ရက်နဲ့ ယှဉ်ရင် နေ့စဉ် စာရင်းသွင်းမှု ၆၆% အထိ မြင့်တက်လာခဲ့တာလို့လည်း အီလွန်မတ်စ်က ပြောပါတယ်။ အကောင့်သစ် စာရင်းဖွင့်လှစ်မှု အမြင့်ဆုံးအခြေအနေ ရောက်ခဲ့သလို ပလက်ဖောင်းကို ပုံမှန်တက်ကြွအသုံးပြုကြတဲ့ မိနစ်လည်း စံချိန်တင်အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ Twitter အသုံးပြုသူတွေဟာ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ၇ ရက်ကျော်အတွင်း တစ်ရက်ကို ပျမ်းမျှ အသုံးပြုမှုမိနစ်ပေါင်း သန်း ၈၀၀၀ နီးပါး ရှိခဲ့တယ်လို့ အီလွန်မတ်စ်က ပြောပါတယ်။
ဒါဟာ ပြီးခဲတဲ့နှစ် ကာလတူထက် ၃၀% ပိုတိုးလာတာလို့လည်း အီလွန်မတ်စ်က ထောက်ပြပါတယ်။ အီလွန်မတ်စ် သုံးထားတဲ့ ဂရပ်ဖ်ထဲမှာ အမုန်းစကားဖော်ပြချက်တွေလည်း လျော့ကျသွားတယ်လို့ ဆိုပါတယ်။ အမုန်းစကားပြောကြားချက်တွေ ကျသွားတယ်ဆိုတဲ့ ဂရပ်ဖ်နဲ့ ပတ်သက်ပြီး Engadget သတင်းကတော့ တိကျမှုမရှိနိုင်ဘူးလို့ ဖော်ပြပါတယ်။
တစ်ချက်ကတော့ အင်္ဂလိပ်လို ရေးတဲ့ Tweets တွေကနေပဲ အချက်အလက်ရယူတာနဲ့ အမုန်းစကားကိုင်တွယ်ရေးမူဝါဒကို ရုပ်သိမ်းပြီး လိင်ပြောင်းသူတွေပေါ် ပစ်မှတ်ထားစော်ကားမှုကို အာရုံစိုက်လာလို့ ဖြစ်ပါတယ်။ Twitter အကြောင်း အီလွန်မတ်စ် မျှဝေတဲ့အထဲမှာ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေတော့ ပါမလာပါဘူး။ မကြာသေးခင်ကတော့ အီလွန်မတ်စ်ဟာ Twitter ကုမ္ပဏီ ငွေအမြောက်အများဆုံးရှုံးနေရကြောင်းနဲ့ ဒေဝါလီခံရဖွယ်အခြေအနေ ရှိကြောင်း ဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။
Photo: Elon Musk's Tweet
NPR ရဲ့ သတင်းတစ်ပုဒ်အရ Twitter ကို အီလွန်မတ်စ် ဝယ်ယူပြီးနောက်ပိုင်း ကုမ္ပဏီရဲ့ ထိပ်တန်း ကြော်ငြာရှင် ၁၀၀ အနက် ၅၀ ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ တနင်္ဂနွေနေ့အစောပိုင်းက Jordan Peterson နဲ့ တွေ့ဆုံချိန်မှာ အီလွန်မတ်စ်က ၁၂ လကနေ ၁၈ လအတွင်း Twitter နေ့စဉ်အသုံးပြုသူဦးရေ ၁ ဘီလျံကျော်လာဖို့ မြင်ကြောင်း ပြောခဲ့ပါတယ်။
လစဉ်အသုံးပြုသူ သန်း ၁ ထောင်ကျော်လာဖို့ဆို Twitter ကို Signups သစ် အကြီးအကျယ် လိုအပ်မှာပါ။ တစ်ပတ်ကို အသုံးပြုသူသစ် ၂ သန်းနှုန်း တိုးလာမယ်လို့ ယူဆရင်တော့ တစ်နှစ်အကုန်မှာ အသုံးပြုသူသစ် ၁၀၄ သန်းပဲ ရှိလာမှာ ဖြစ်ပါတယ်။ Twitter ဟာ ၂၀၂၂ ခုနှစ်အချက်အလက်တွေအရ လစဉ်ပုံမှန်အသုံးပြုသူ သန်း ၄၅၀ ခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။