လူတော်တွေ အလုပ်ထွက်သွားချိန် Twitter သူဌေးသစ်ဖြစ်သူ အီလွန်မတ်စ်က ကုမ္ပဏီဒေဝါလီခံရနိုင်ခြေရှိတယ်လို့ သတိပေးလိုက်ပါတယ်။
Twitter အနေနဲ့ ငွေရှာဖို့ နည်းလမ်းသစ်တွေ မရှာနိုင်ရင် ဒေဝါလီခံရနိုင်တယ်လို့ သတိပေးလိုက်တာပါ။ ကြာသာပတေးနေ့က ဝန်ထမ်းတွေကို ပြောကြားရာမှာ အီလွန်မတ်စ်က ကုမ္ပဏီဟာ ခက်ခဲတဲ့ကာလနဲ့ ရင်ဆိုင်ရနေပြီး ငွေကြေးဆုံးရှုံးမှုတွေ ရှိနေတာကြောင့် ဒေဝါလီခံရဖို့ဆိုတာ ဘောင်မဝင်တဲ့ မေးခွန်းမဟုတ်တော့ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Twitter ကို အီလွန်မတ်စ် ထိန်းချုပ်ပြီးနောက်ပိုင်းမှာ ကုမ္ပဏီရဲ့ ဆိုးရွားတဲ့အခြေအနေကို အခုလို ထုတ်ဖော်ပြောကြားလိုက်တာပါ။
Photo: GSMArena
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပိုင်းမှာ မတ်စ်ဟာ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်မှု ရပ်ပြိး ကြာသာပတေးနေ့မနက် ရုံးတက်ဖို့ ညွှန်ကြားတဲ့ အီးမေးလ် ပို့လာပါတယ်။ Twitter ဝန်ထမ်းတွေကို အီလွန်မတ်စ်ပေးပို့တဲ့ ဒီပထမဆုံးအီးမေးလ်ဟာ ကပ်ဘေးကာလအတွင်း အဆင်ပြေရာနေရာကနေ အလုပ်လုပ်ဖို့ သတ်မှတ်ထားတဲ့ Twitter ရဲ့ မူဝါဒကို ပြောင်းလဲမှုလုပ်လာတာ ဖြစ်ပါတယ်။
"ကုမ္ပဏီတစ်ခုလုံးကို ပေးပို့တဲ့ ကျွန်တော့်ရဲ့ ပထမဆုံးအီးလေးလ်အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် သတင်းစကားကို သကြားအုပ်ထားလို့ မရပါဘူး။" လို့ အီလွန်မတ်စ်ရဲ့ အီးမေးလ်မှာ အစချီပြောထားပါတယ်။ ကြော်ငြာစိးပွားရေးပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေရတဲ့ Twitter လို စီးပွားရေးလုပ်ငန်းအတွက် ထိတ်လန့်စရာစီးပွားရေးရာသီခွင်အကြောင်းကို အီလွန်မတ်စ်ရဲ့ မေးလ်မှာ ဖော်ပြထားပါတယ်။
"လစဉ်ကြေးဝင်ငွေကောင်းကောင်း မရရင် Twitter အနေနဲ့ ရှေ့လာမယ့် စီးပွားရေးအကျကာလကို ဖြတ်ကျော်ဖို့ အခွင့်အလမ်းကောင်းတစ်ခုရှိမှာ မဟုတ်ဘူး" လို့ မတ်စ်က ဆိုပါတယ်။ "ကျွန်တော်တို့ ဝင်ငွေရဲ့ ထက်ဝက်လောက်က လစဉ်ကြေးပေးသွင်းမှုကနေ ရဖို့ လိုပါတယ်။" လို့လည်း မတ်စ်က ပြောပါတယ်။ ကြာသာပတေးနေ့ ဝန်ထမ်းမျက်နှာစုံညီ တွေ့ဆုံပွဲမှာ ကုမ္ပဏီရဲ့ ငွေကြေးအနေအထားကို ပွင့်ပွင့်လင်းလင်း ချပြပြီး ဝန်ထမ်းများ ရုံးတက်ရေးအစီအစဉ်ကိုလည်း ပြောသွားခဲ့ပါတယ်။
မဖြစ်မနေ အပြင်က လုပ်လို့ရတဲ့ ဝန်ထမ်းတွေကို အဝေးက လုပ်ခွင့်ပြုသွားမှာ ဖြစ်ပေမယ့် ရုံးတက်ရမယ့်ဝန်ထမ်းတွေထဲက အလုပ်မလာချင်သူတွေကို အလုပ်က ထွက်နိုင်ကြောင်းပါ ပြောခဲ့တာပါ။ မတ်စ်ဟာ အလုပ်ကို ပြင်းပြင်းထန်ထန် စိတ်နှစ်လုပ်တတ်သူအဖြစ် လူသိများပြီး အသက် ၄၇ နှစ်မြောက်မွေးနေ့တုန်းက Tesla ကားစက်ရုံမှာ ၂၄ နာရီလုံး အလုပ်လုပ်ခဲ့တာ အပါအဝင် တစ်ပတ် နာရီ ၁၂၀ ကြာအလုပ်လုပ်ခဲ့ကြောင်း New York Times သတင်းက ဖော်ပြဖူးပါတယ်။
အလုပ်ထဲမှာ ညအိပ် ၊ အလုပ်မှာပဲ မိုးလင်းတဲ့သူဟာ Work-From-Home လို့ခေါ်တဲ့ အိမ်ကနေ အလုပ်လုပ်တဲ့ မူကို မနှစ်မြို့သူလို့လည်း MarketWatch သတင်းထောက် အန်ဒရူး ကတ်ချ်နာက CBS News ကို ပြောပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ Twitter ရဲ့ ထိပ်တန်း နာမည်ကျော်အမှုဆောင်အရာရှိတွေနဲ့ ကုမ္ပဏီထိပ်ပိုင်းခေါင်းဆောင် တစ်ဝက်လောက် အလုပ်ထွက်သွားခဲ့သလို Twitter ဝန်ထမ်း ၃၇၀၀ လောက်လည်း အလုပ်က ထုတ်ခံလိုက်ရပါတယ်။
ကုမ္ပဏီကနေ အလုပ်ထွက်သွားသူတွေထဲမှာ အမှုဆောင်အရာရှိချုပ်အပါအဝင် ကုမ္ပဏီရဲ့ ကိုယ်ရေးကိုယ်တာမူဝါဒရေးရာ အကြီးအကဲ ဒန်မီယန် ကီးရန် ၊ စည်းမျဉ်းဥပဒေရေးရာ အရာရှိချုပ် မာရီယာနီး ဖိုဂါတီ နဲ့ သတင်းအချက်အလက် လုံခြုံရေးအရာရှိချုပ် လီယာ ကစ်ဆနာတို့လည်း ပါဝင်ပါတယ်။ Twitter ရဲ့ ယုံကြည်မှုနဲ့ ဘေးကင်းရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ယိုယယ် ရို့သ်လို ပုဂ္ဂိုလ်မျိုး အလုပ်ထွက်သွားတာဟာ ကုမ္ပဏီအပေါ် ယုံကြည်စိတ်ချမှုတွေ ထိခိုက်ကျဆင်းစေတယ်လို့လည်း သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်လည်းဖြစ် မိတ်ဆွေလည်း ဖြစ်တဲ့ အမ်မလီ ဟွန်းက ဆိုပါတယ်။ ရို့သ်ဟာ အမုန်းစကား ၊ သတင်းအချက်အလက်အမှားနဲ့ Spam အကောင့်ကိစ္စတွေကို ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။
Photo: GSMArena
"သူက အင်မတန် စိန်ခေါ်မှုမြင့်တဲ့ အခြေအနေမျိုးမှာ တကယ့်ကို ထူးထူးချွန်ချွန် ကြိုးစားလုပ်ကိုင်ခဲ့သူပါ။ ကုမ္ပဏီပလက်ဖောင်းပေါ်က ထိုးနှက်ကြတဲ့ Trolls တချို့ဆို သူ့ကို ပုဂ္ဂိုလ်ရေးပစ်မှတ်ထားတိုက်ခိုက်ခဲ့တာတွေလည်း ရှိတယ်။ ဒါတွေအားလုံးကို သူကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါကလည်း သူ့ Team ရဲ့ လုပ်ရပ်က လူထုပြောဆိုချက်တွေကို မြှင့်တင်ဖို့နဲ့ ဒီလို ပြောဆိုမှုတွေရဲ့ ကျန်းမာကြံ့ခိုင်ရေး ပိုကောင်းအောင် မြှင့်တင်နေတယ်လို့ သူနက်နက်ရှိုင်းရှိုင်း ယုံကြည်ထားလို့ပဲ" လို့ ၂၀၁၈ ခုနှစ်ကစလို့ Twitter ရဲ့ ကမ္ဘာ့မူဝါဒရေးရာ ဆက်ဆံရေးပိုင်း ကြီးကြပ်ခဲ့သူ ဟွန်းက ပြောပါတယ်။
ဝန်ထမ်းထောင်ချီ အလုပ်လျှော့ပြီးနောက်မှာ Twitter ဟာ အလုပ်ထုတ်ပြီးသား ဝန်ထမ်းတချို့ကို ပြန်ခေါ်ခဲ့တာမျိုး လုပ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဝန်ထမ်းအင်အား သိသိသာသာနည်းသွားတာဟာ အသုံးပြုသူ အချက်အလက်ကိုယ်ရေးကိုယ်တာဆိုင်ရာကိစ္စရပ်တွေမှာ ဥပဒေအရ တာဝန်ယူမှုပိုင်း ထိန်းထားနိုင်စွမ်း ခက်ခဲမယ်လို့ ခန့်မှန်းထားပါတယ်။ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတချို့ကတော့ Twitter ဟာ အချက်အလက်လုံခြုံရေးပိုင်းပြဿနာကြောင့် FTC အပါအဝင် အမေရိကန် ၊ ဥရောပနဲ့ တခြားနိုင်ငံက စည်းကမ်းထိန်းသိမ်းရေးအေဂျင်စီတွေနဲ့ ပြဿနာတက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Share