Tesla သူဌေးကြီး အီလွန်မတ်စ်ဟာ လူမှုကွန်ရက်ကုမ္ပဏီ Twitter ကို ကိုယ်တိုင် ဦးဆောင်ပြီလို့ သိရပါတယ်။
CNBC က သတင်းရခဲ့တာပါ။ ဒီသတင်းထဲမှာပဲ Twitter ရဲ့ အမှုဆောင်အရာရှိချုပ် ပါရက်ဂ်အဂ္ဂရာဝဲလ် နဲ့ ဘဏ္ဍာရေးအရာရှိချုပ် နက်ဒ် ဆီဂဲလ်တို့ ဆန်ဖရန်စစ္စကို Twitter ရုံးချုပ်ကနေ ထွက်သွားကြပြီလို့လည်း ဖော်ပြထားပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်က Twitter ရဲ့ ဥပဒေရေးရာ နဲ့ ဘဏ္ဍာထိန်းအကြီးအကဲဖြစ်သူ ဗီဂျာယာ ဂတ်ဒီလည်း အလုပ်က အထုတ်ခံရတယ်လို့ The Washington Post သတင်းက ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
Photo: businesstoday
Twitter ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်မယ့်ကိစ္စက ဒီသောကြာနေ့မှာ ပြီးပြတ်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီနေ့မှ Twitter ကို မဝယ်ဖြစ်ရင် တရားရင်ဆိုင်ရတော့မှာပါ။ မတ်စ်ဟာ ဧပြီလကတည်းက Twitter ကို ဝယ်ဖို့ ကမ်းလှမ်းခဲ့ပြီး အရောင်းအဝယ်သဘောတူညီချက် ရယူနိုင်ခဲ့တာပါ။ လူမှုကွန်ရက်ကုမ္ပဏီ Twitter ကို ဝယ်ပြီးရင် မတ်စ်ဟာ ပုဂ္ဂလိကပိုင်ပြောင်းဖို့လည်း ပြင်ထားတာပါ။ နောက်ပိုင်းမှာ Spam နဲ့ အကောင့်တုအရေအတွက်ကိစ္စအပေါ် Twitter ဘက်က မရိုးသားဘူးလို့ ယူဆပြီး အီလွန်မတ်စ်က အရောင်းအဝယ်ဖျက်သိမ်းဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီအရောင်းအဝယ်ဖျက်သိမ်းမယ်လို့ မတ်စ်ဘက်က စကားထွက်လာပြီးနောက် Twitter က မတ်စ်ကို ဒီလာဝဲလ်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ တရားရုံးမှာ လအနည်းငယ်ကြာ နှစ်ဖက်စွဲချက်တွေ တင်ပြီးနောက် အီလွန်မတ်စ်က မူလကတိအတိုင်း အရောင်းအဝယ်ကိစ္စပြီးပြတ်ကြဖို့ ပြောလာပါတယ်။ ဒီလာဝဲလ်တရားရုံးကလည်း အောက်တိုဘာ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အရောင်းအဝယ်ကိစ္စဖြတ်ဖို့ ဒါမှမဟုတ်ရင်လည်း အမှုအတိုင်း သွားဖို့ အမိန့်ချခဲ့ပါတယ်။
Photo : Business Standard
"Twitter ကို ကျွန်တော် ဝယ်လိုက်တဲ့အကြောင်းရင်းက အနာဂါတ် နိုင်ငံသားတွေအတွက် ကိုယ်ယုံကြည်ရာကို အကြမ်းဖက်မှုမရှိဘဲ မျှတကျန်းမာတဲ့ပုံစံနဲ့ ဆွေးနွေးငြင်းခုံနိုင်မယ့် ဘုံဒီဂျစ်တယ်ပြည်သူ့ရင်ပြင်တစ်ခု ရှိဖို့ အရေးကြီးတယ်ဆိုပြီး ဝယ်လိုက်တာပါ။ လူမှုကွန်ရက်တွေဟာ အမုန်းစကားနဲ့ လူ့အဖွဲ့အစည်းကို ခွဲခွားနေတဲ့ လက်ဝဲစွန်းနဲ့ လက်ယာစွန်းတစ်ဖက်ပိတ်တွေကို သပ်လျှိုခွဲလိုက်တဲ့ အန္တရာယ်ကြီးရှိနေပါတယ်" လို့ မတ်စ်က ဆိုပါတယ်။
မတ်စ်ဟာ ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာပဲ Twitter ရုံးချုပ်ထဲ ကြွေဘင်စင်ကြီးကိုင်ပြီး အလည်လာခဲ့ပါတယ်။ အခုတော့ မတ်စ်ဟာ သူ့ရဲ့ Twitter အကောင့်အညွှန်းမှာ Chief Twit (Twitter အကြီးအကဲ)လို့ တင်လိုက်ပြီ ဖြစ်ပါတယ်။