နောက်ထပ် မရောင်းတော့ဘူးလို့ ပြောပါ

Tesla ကြောင့် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဖြစ်လာတဲ့ အီလွန်မတ်စ်ဟာ Twitter ကို ပိုင်ဆိုင်နိုင်ဖို့ ရှယ်ယာတွေ စွန့်လွှတ်နေရပြီ ဖြစ်ပါတယ်။

ဒီတစ်ပတ် အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ မတ်စ်ဟာ Tesla အစုရှယ်ယာ ၄.၄ သန်းခန့်ကို အကြမ်းဖျဉ်း ဒေါ်လာ ၄.၄ ဘီလျံနှုန်းနဲ့ ထုတ်ရောင်းခဲ့တယ်လို့ ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် SEC ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။ အခုလို ရှယ်ယာတွေ ထုတ်ရောင်းနေတာဟာ Twitter ကို အပိုင်ဝယ်ဖို့အတွက် ငွေဖော်နေတာ ဖြစ်ပါတယ်။ 




မတ်စ်ဟာ Twitter လူမှုကွန်ရက်ကုမ္ပဏီကို အစုရှယ်ယာတစ်စုကို ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၄၄ ဘီလျံခန့် ပေးပြီး ဝယ်ဖို့ သဘောတူညီချက်ရထားပါတယ်။ Twitter ကို ဝယ်ဖို့ Tesla ရှယ်ယာတွေ ထုတ်ရောင်းနေတာကြောင့်Tesla ရှယ်ယာဈေးဟာ ၁၂% အထိ ကျဆင်းသွားခဲ့ပါတယ်။ မတ်စ်ကတော့ "ဒီနေ့က နောက် Tesla ရှယ်ယာတွေ ထပ်ရောင်းဖို့ အစီအစဉ်မရှိဘူး" လို့ ဧပြီ ၂၉ ရက်နေ့က Twitter မှာ ပြောထားပါတယ်။

Twitter ကို ဝယ်ပြီး တစ်ဦးတည်းပိုင် ပုဂ္ဂလိကပြောင်းမယ့် မတ်စ်ဟာ ကုမ္ပဏီဝယ်ဖို့ လိုအပ်တဲ့ ငွေအတွက် ဒေါ်လာ ၂၅.၅ ဘီလျံ ချေးထားရပြီး ဒီထဲမှာ သူ့ပိုင် Tesla စတော့ခ်တွေကို အပေါင်သဘောမျိုး ထားတဲ့ ဒေါ်လာ ၁၂.၅ ဘီလျံလည်း ပါဝင်ပါတယ်။ SEC အချက်အလက်တွေအရ Twitter ကို ဝယ်ယာမှာ မတ်စ်ဟာ ဘဏ်ချေးငွေထဲက ၁၃ ဘီလျံ နဲ့ Tesla ရှယ်ယာရောင်းပြီး ငွေသား ဒေါ်လာ ၂၁ ဘီလျံနဲ့ ဝယ်ဖို့ စီစဉ်ထားပါတယ်။ 


ဒေါ်လာဘီလျံ ၂၅၀ ကျော် ချမ်းသာပေမယ့် မတ်စ်ရဲ့ ချမ်းသာမှုဟာ Tesla ၊ SpaceX နဲ့ Boring Co တို့ရဲ့ ရှယ်ယာတွေနဲ့ ချိတ်ဆက်ထားတာပါ။ ဒါကြောင့် လိုတဲ့ ငွေရဖို့ ရှယ်ယာတွေ ထုတ်ရောင်းမှ ဖြစ်မှာပါ။ Twitter ကို ဝယ်ဖို့ အစီအစဉ်ကြောင့် မတ်စ်ဟာ အမေရိကရဲ့ အကြွေးထူဆုံး CEO တစ်ယောက် ဖြစ်လာခဲ့တယ်လို့ CNBC သင်းက ဖော်ပြပါတယ်။ Audit Analytics ရဲ့ သုတေသနအရ မတ်စ်ဟာ ရှယ်ယာ ဒေါ်လာဘီလျံ ၉၀ ဖိုး ချေးငွေအပေါင်ထား ထားရတယ်လို့ ဆိုပါတယ်။

လောလောဆယ် Twitter ဟာ မတ်စ်ရဲ့ ကုမ္ပဏီဝယ်ဖို့ ကမ်းလှမ်းမှုကို လက်ခံထားပေမယ့် အရောင်းအဝယ်ပြီးပြတ်ဖို့အတွက် ရှယ်ယာရှင်တွေနဲ့ ဥပဒေအရ ခွင့်ပြုမှု လိုဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ အရောင်းအဝယ်သာ မဖြစ်ခဲ့ရင် နှစ်ဦးနှစ်ဖက်ဟာ စာချုပ်ဖျက်သိမ်းခ ‌ဒေါ်လာ ၁ ဘီလျံ လျော်ရဖို့လည်း ရှိပါတယ်။ 

Share

Loading Next Article...
က္က