Twitter ရှယ်ယာဈေး ၅% ကျဆင်းခဲ့ပြီး Tesla ရှယ်ယာဈေး ၂.၅% တက်လာပါတယ်

Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ Twitter ကို ဝယ်မယ့်ကိစ္စ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း Twitter ဘုတ်အဖွဲ့ကို စာပို့လိုက်ပြီ ဖြစ်ပါတယ်။ 

ဒေါ်လာ ၄၄ ဘီလျံပေးပြီး Twitter ကို ဝယ်မယ့်ကိစ္စကို ဖျက်လိုက်ရတဲ့ အကြောင်းက ကုမ္ပဏီဘက်က အကောင့်တုအရေအတွက်နဲ့ ပတ်သက်ပြီး လုံလောက်တဲ့ သတင်းအချက်လက်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ လိုပါတယ်။ အီလွန်မတ်စ်ရဲ့ စာဖတ်လိုက်ရပြီးနောက် ချက်ချင်းပဲ Twitter ဘက်က Tesla CEO ကို တရားစွဲတော့မယ်လို့ ထုတ်ပြန်ပါတယ်။ 





ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ယောက်နဲ့ ဩဇာအကြီးဆုံး Social Media ပလက်ဖောင်းတွေထဲက တစ်ခုဖြစ်တဲ့ Twitter တို့အကြား ထိပ်တိုက်တွေ့လာခဲ့တဲ့ ဥပဒေရေးရာ တိုက်ပွဲကြီး စတင်ပြီလို့ ဆိုရမှာပါ။ အရောင်းအဝယ်လုပ်စဉ်က စာချုပ်ဖျက်သိမ်းရင် ဖျက်သူဘက်က ဒေါ်လာ ၁ ဘီလျံ လျော်ကြေးပေးရမှာ ဖြစ်ပြီး Twitter ဘက်ကတော့ စာချုပ်ဖျက်သိမ်းခ ရဖို့ထက် ကုမ္ပဏီအရောင်းအဝယ် ဖြစ်မြောက်ဖို့ကို ဥပဒေကြောင်းအရ လျှောက်လှမ်းမယ်လို့ ယူဆရပါတယ်။ 

ကုမ္ပဏီဘုတ်အဖွဲ့ နဲ့ လက်ရှိ Twitter CEO ပါရက်ဂ် အဂ္ဂရာဝဲလ်တို့ကလည်း အရောင်းအဝယ် ဖြစ်သွားဖို့ပဲ လိုချင်နေတာ ဖြစ်ပါတယ်။ Twitter ဘုတ်အဖွဲ့ကို ပေးတဲ့ မတ်စ်ရဲ့ ရှေ့နေ မိုက်ခ်ရင်ဂလာရဲ့ ပေးစာထဲမှာ သူ့အမှုသည်ဟာ Twitter လူမှုကွန်ရက်ပလက်ဖောင်းပေါ်က အကောင့်တု/Spam အကောင့်တွေရဲ့ အတိုင်းအတာကို သိဖို့ နှစ်လနီးပါးကြာ အချက်အလက် တောင်းခံမှု လုပ်ခဲ့တယ်လို့ ပြောထားပါတယ်။ 

"Twitter ဘက်က ဒီသတင်းအချက်အလက် ပေးဖို့ ပျက်ကွက်ခဲ့တယ်။ သို့တည်းမဟုတ် ငြင်းဆန်ခဲ့တယ်။ တစ်ခါတရံမှာ Twitter ဟာ မစ္စတာမတ်စ်ရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုခဲ့ပြီး တစ်ခါတရံမှာ အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ ပယ်ချခဲ့တယ်။ မစ္စတာမတ်စ်ကို မပြည့်မစုံ နဲ့ အသုံးမဝင်တဲ့ သတင်းအချက်အလက်တွေ ပေးတာတွေလည်း ရှိခဲ့တယ်" လို့ ပေးစာမှာ ဖော်ပြထားပါတယ်။ 



သတင်းအချက်အလက်ဟာ Twitter ရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးစွမ်းဆောင်ရည်အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ကုမ္ပဏီပူးပေါင်းရေး ပြီးမြောက်ဖို့ လိုအပ်တဲ့ အရာတွေလို့ မတ်စ်က ပြောပါတယ်။ Twitter ဘက်က တုံ့ပြန်ရာမှာ ကုမ္ပဏီဘုတ်အဖွဲ့ဥက္ကဌ ဘရက်တ်တေလာက ဘုတ်အဖွဲ့ဟာ မတ်စ်နဲ့ သဘောတူညီထားတဲ့ ဈေးနှုန်း ၊ စည်းကမ်းတွေပေါ်မှာ အရောင်းအဝယ်ကိစ္စ ပြတ်ဖို့ ကတိပြုထားကြောင်းနဲ့ အရောင်းအဝယ်သဘောတူညီချက် ဖြစ်မြောက်အောင်မြင်ဖို့ တရားဥပဒေကြောင်းအရ လျှောက်လှမ်းဖို့ စီစဉ်ထားကြောင်း ပြောထားပါတယ်။ 

အမှုကို ဒီလာဝဲလ်မှာ ရုံးတင်မှာ ဖြစ်ပြီး ဒီတရားရုံးဟာ Twitter အပါအဝင် ကော်ပိုရေးရှင်းအများစုအကြား စီးပွားရေးအငြင်းအခုံတွေကို မကြာခဏ ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ တရားရုံးလို့လည်း ဆိုပါတယ်။ Twitter ရဲ့ ရှယ်ယာဟာ သောကြာနေ့မှာ တစ်စုကို ၃၆.၈၁ ဒေါ်လာနှုန်းနဲ့ ၅% ကျဆင်းခဲ့ပါတယ်။ ဒါဟာ Twitter ကို ဝယ်ချိန်မှာ အီလွန်မတ်စ် ကမ်းလှမ်းခဲ့တဲ့ တစ်စုကို ဒေါ်လာ ၅၄.၂၀ နှုန်းထက် အများကြီး နိမ့်ကျသွားခဲ့တာ ဖြစ်ပါတယ်။ 

Tesla ရဲ့ ရှယ်ယာဈေးကတော့ လက်ရှိမှာ ၂.၅% အတက်ပြနေပြီး တစ်စုကို ၇၅၂.၂၉ ဒေါ်လာနှုန်းနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က