အင်ဂျင်နီယာနဲ့ အရောင်းပိုင်းအတွက် လူသစ်ခေါ်နေပါတယ်

ဝန်ထမ်း ၇၀၀၀ ကျော်ကနေ ၂၀၀၀ လောက်ပဲ ကျန်အောင် အလုပ်ဖြုတ်ပစ်ပြီးတဲ့နောက် အလုပ်ဖြုတ်တဲ့ကိစ္စ ပြီးပြီလို့ Twitter ပိုင်ရှင်သစ် အီလွန်မတ်စ်က ပြောလိုက်ပါတယ်။

သုံးပတ်အတွင်း ဝန်ထမ်းပေါင်း ၇၅၀၀ ထဲက သုံးပုံနှစ်ပုံနီးပါးကို အလုပ်ဖြုတ်ပြီးနောက် Twitter သူဌေးဟာ ဝန်ထမ်းသစ် ပြန်ခေါ်တော့မယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ Twitter ဝန်ထမ်းစုံညီအစည်းအဝေးမှာ အီလွန်မတ်စ်က ကုမ္ပဏီအနေနဲ့ လူလျှော့တာ ပြီးပြီ ဖြစ်လို့ အင်ဂျင်နီယာနဲ့ အရောင်းပိုင်းအတွက် ဝန်ထမ်းတွေ ခေါ်ယူနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ထမ်းတွေကိုလည်း ခေါ်ယူသင့်တဲ့ဝန်ထမ်းရှိရင် ချိတ်ဆက်ပေးဖို့ပါ တိုက်တွန်းခဲ့တယ်လို့လည်း အစည်းအဝေးတက်ရောက်ခဲ့သူတွေထဲက နှစ်ဦးနဲ့ The Verge က ရထားတဲ့ မှတ်တမ်းတချို့က ဖော်ပြနေပါတယ်။




Photo: San Francisco Chronicle

Twitter အရောင်းပိုင်းက ဝန်ထမ်းတွေ အလုပ်ထုတ်လိုက်ကြောင်း သတင်းတွေ ဖော်ပြတဲ့နေ့မှာပဲ အီလွန်မတ်စ်ဘက်က အခုလို ပြောကြားချက်ထွက်ပေါ်လာတာပါ။ Twitter ကြော်ငြာအရောင်းပိုင်း အကြီးအကဲ ရော်ဘင် ဝှီးလာ ၊ Twitter မိတ်ဘက်ပြုရေးပိုင်း ဒုဥက္ကဌ မက်ဂီ မက်စ်လင်း ဆွန်နီဝစ်ခ် နဲ့ အမေရိကန် content မိတ်ဖက်ရှာဖွေရေးအကြီးအကဲ ဆာရာ ရိုဆန်တို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ အလုပ်ထွက်သွားကြတာပါ။ 

ကုမ္ပဏီကို အီလွန်မတ်စ် လက်လွှဲဝယ်ယူပြီးနောက် အကြီးတန်းကုမ္ပဏီခေါင်းဆောင်ပိုင်း အားလုံးနီးပါး အလုပ်ပြုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အသစ်ပြန်ခေါ်မယ်လို့ အီလွန်မတ်ပြောပေမယ့် အင်ဂျင်နီယာနဲ့ အရောင်းပိုင်းက ဘယ်လိုကဏ္ဍမျိုးကို ခေါ်သွားမလဲတော့ ပြောကြားခြင်း မရှိပါဘူး။ လောလောဆယ် ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ အလုပ်ခေါ်စာတစ်ခုမှ တင်ထားခြင်း မရှိပါဘူး။ 

Twitter အနေနဲ့ ပလက်ဖောင်းပေါ်မှာ အကောင့်တုနဲ့ အယောင်ဆောင်အကောင့်ကိစ္စ မဖြေရှင်းနိုင်မချင်း တစ်လ ၈ ဒေါ်လာပေးရတဲ့ Blue Subscription စနစ်ကို ရပ်ထားမယ်လို့လည်း ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က