Tesla နဲ့ SpaceX သူဌေးကတော့ ဒေါ်လာ ၄၄ ဘီလျံတန် အရောင်းအဝယ်ကို ဆက်မလုပ်တော့ဘူးဆိုပြီး လေသံပစ်လာပြန်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလထဲကစပြီး Twitter ဝယ်မယ့်ကိစ္စကို ဆိုင်းငံ့လိုက်ပြီဆိုပြီး ကြေညာခဲ့တဲ့ အီလွန်မတ်စ်ဟာ ဒီတစ်ကြိမ်မှာလည်း Twitter ပလက်ဖောင်းပေါ်က Spam Bot အကောင့်တွေနဲ့ ပတ်သက်ပြီး အရောင်းအဝယ်ကို နောက်ဆုတ်မယ့်အကြောင်း ပြောလာတာပါ။ ကုမ္ပဏီအနေနဲ့ သူ့ကို အကောင့်တုနဲ့ Spam Bot အကောင့် အချက်အလက်တွေ ပေးဖို့ ငြင်းဆန်နေတာကြောင့်လို့ ဆိုပါတယ်။
Tesla နဲ့ SpaceX CEO အီလွန်မတ်စ်ရဲ့ ရှေ့နေတွေဟာ တနင်္လာနေ့ကပဲ Twitter ကို လိပ်မူပြီး အကောင့်တုအချက်အလက် မပေးရင် အရောင်းအဝယ်ဖျက်ပစ်မယ့်အကြောင်း ပေးစာတစ်စောင်နဲ့ ခြိမ်းခြောက်ခဲ့တာပါ။ ဒီစာကို အမေရိကန် ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် SEC ကို တင်သွင်းတဲ့ Twitter ရဲ့ စာရွက်စာတမ်းအထောက်အထားထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒီပေးစာထဲမှာ မတ်စ်ဟာ Twitter ကို ဝယ်ဖို့ ကမ်းလှမ်းပြီး တစ်လခန့်အကြာ မေလ ၉ ရက်နေ့က စပြီး သတင်းအချက်အလက်ပေးဖို့ ကုမ္ပဏီကို ထပ်တလဲလဲ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အီလွန်မတ်စ်ဟာ Twitter ပလက်ဖောင်း သုံးစွဲသူ ၂၂၉ သန်းထဲမှာ အကောင့်အရေအတွက် ဘယ်လောက်က အကောင့်တုတွေ ဖြစ်နေမလဲဆိုတာကို စစ်ထုတ်တွက်ချက်ချင်နေတာ ဖြစ်ပါတယ်။
Twitter ရဲ့ အစီရင်ခံစာတစ်ခုထဲမှာတော့ ကုမ္ပဏီပလက်ဖောင်းပေါ်က အကောင့်တု (ဒါမှမဟုတ် ) အယောင်ဆောင်အကောင့်အရေအတွက်ဟာ သုံးစွဲသူရဲ့ ၅% အောက်ပဲ ရှိတယ်ဆိုပြီး ဖော်ပြထားခဲ့ပြီး ဒီတွက်ချက်မှုကို သံသယရှိတဲ့ အီလွန်မတ်စ်က လုပ်ငန်းဝယ်ယူမှု ယာယီဆိုင်းငံ့တော့မယ်လို့ ကြေညာပါတယ်။ အီလွန်မတ်စ်ဟာ မေလ ၂ ရက်နေ့က Reuters ရဲ့ Twitter ပလက်ဖောင်းပေါ်က အကောင့်တုအကြောင်း သတင်း Link ကို Tweet မှာ ပြန် Share ထားပြီး "Spam/Fake အကောင့်တွေဟာ တကယ်ပဲ သုံးစွဲသူရဲ့ ၅% အောက် ရှိတယ်ဆိုတဲ့ တွက်ချက်မှုကို အထောက်အကူပြုမယ့် အသေးစိတ်အချက်အလက်ကို စောင့်ရင်း Twitter နဲ့ အရောင်းအဝယ်ကိစ္စကို ယာယီဆိုင်းထားပါတယ်။" လို့ ရေးခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်တွေ ထုတ်မပေးဘဲ ငြင်းဆန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အီလွန်မတ်စ်ရဲ့ ရှေ့နေ မိုက်ခ် ရင်ဂလာက Twitter ဟာ အရောင်းအဝယ်ဝတ္တရားအတိုင်း စာချုပ်ထဲမှာ သတ်မှတ်ထားတာထက် တစ်ဖက်ကို အကျိုးနည်း နစ်နာစေတယ်လို့ ပြောထားပြီး မတ်စ်အနေနဲ့ အရောင်းအဝယ် ဆက်မလုပ်ဖို့ ၊ သဘာတူညီချက်ကို ဖျက်သိမ်းဖို့ အခွင့်အရေးရှိတယ်လို့ ပြောလာပါတယ်။
"Twitter သာ သူကြေညာထားသလို Spam ပမာဏခန့်မှန်းချက်အပေါ် ယုံကြည်မှုရှိမယ်ဆိုရင် မစ္စတာမတ်စ်ကို ဒီခန့်မှန်းတွက်ချက်ချက်ကို လွတ်လွတ်လပ်လပ် စစ်ဆေးကြည့်နိုင်ဖို့ ခွင့်မပြုစရာ မရှိပါဘူး" လို့ Twitter ကို ပေးတဲ့ ရှေ့နေရဲ့ ပေးစာမှာ ဖော်ပြထားပြီး မတ်စ်ဘက်က Twitter ရဲ့ အချက်အလက်တွေ ပေါက်ကြားမှုမရှိဖို့ပါ သဘောတူထားပြီးသား ဖြစ်တယ်လို့လည်း ပြောထားပါတယ်။
အီလွန်မတ်စ်အနေနဲ့ Twitter နဲ့ အရောင်းအဝယ်ကိစ္စကို ဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်း ထွက်လာပြီးနောက် တနင်္လာနေ့ ရှယ်ယာဈေးမှာ Twitter Inc ဟာ ရှယ်ယာ ၃% ကျော် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ Twitter ရှယ်ယာရှင်တွေကတော့ ကုမ္ပဏီရှယ်ယာဈေး ဆက်တိုက်ထိုးကျလာတဲ့ ကိစ္စကြောင့် အီလွန်မတ်စ်ကို တရားစွဲထားပါတယ်။ ပြီးခဲ့တဲ့လအတွင်း Twitter ရှယ်ယာတန်ဖိုးဟာ ၂၃% ကျော် ထိုးကျခဲ့ပြီး ဖြစ်ပါတယ်။