အောက်တိုဘာ ၁၇ ရက်နေ့ အမှုရင်ဆိုင်ရမှာပါ

ဒေါ်လာ ၄၄ ဘီလျံတန် ကုမ္ပဏီအရောင်းအဝယ်ကိစ္စကို ရှောင်လွှဲနိုင်ဖို့ အီလွန်မတ်စ်ဟာ Twitter ရဲ့ CEO ဖြစ်ခဲ့သူ ဂျက်ခ်ဒေါ်ဆီကို သက်သေအဖြစ် တင်သွင်းလိုက်တယ်လို့ ဆိုပါတယ်။ 

Twitter ကုမ္ပဏီနဲ့ အီလွန်မတ်စ်တို့ဟာ လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့ ဒီလာဝဲလ်တရားရုံးမှာ ကုမ္ပဏီကို အီလွန်မတ်စ် ဝယ်ရမယ်/မဝယ်သင့်ဘူးဆိုတာကို အဆုံးအဖြတ်ခံဖို့ ရင်ဆိုင်ရတော့မှာပါ။ အမှုအတွက် Twitter ဟာ အီလွန်မတ်စ်နဲ့ ပတ်သက်နေတဲ့ နည်းပညာရင်းနှီးမြှပ်နှံသူတွေ ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို သက်သေခေါ်ထားပါတယ်။ ဒီထဲမှာ အီလွန်မတ်စ်နဲ့အတူ PayPal ကို တည်ထောင်ချိန်က Chief Operating Officer အဖြစ် အတူလက်တွဲခဲ့တဲ့ ဒေးဗစ်ဆက်စ်နဲ့ နာမည်ကျော် လုပ်ငန်းရင်းနှီးမြှပ်နှံသူ မာ့စ် အန်ဒါဆင်တို့လည်း ပါဝင်နေပါတယ်။ 





မတ်စ်ဘက်ကလည်း သူ့မိတ်ဆွေလည်း ဖြစ်သလို ၂၀၀၆ ခုနှစ်မှာ Twitter ကို စပြီး တည်ထောင်ခဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်တဲ့ ဂျက်ခ်ဒေါ်ဆီကို သက်သေအဖြစ် တင်သွင်းသွားမှာပါ။ Twitter CEO ဟောင်း ဂျက်ခ်ဒေါ်ဆီဟာ လူမှုကွန်ရက်ပလက်ဖောင်းပေါ်က bots နဲ့ spam အကောင့်တွေရဲ့ သက်ရောက်မှုဘယ်လောက်ကြီးသလဲဆိုတာကို မေးခွန်းထုတ်ခံရဖို့ ရှိပါတယ်။ NPR သတင်းအရ အီလွန်မတ်စ်ရဲ့ ရှေ့နေတွေဟာ Twitter အနေနဲ့ Fake အကောင့် တွက်ချက်မှု ၊ သတ်မှတ်ချက်နဲ့ ဘယ်လိုမျိုး ထောက်လှမ်းတယ်ဆိုတဲ့အကြောင်းကို ဒေါ်ဆီ ဆီက အထောက်အထားတွေ တောင်းတာမျိုး လုပ်သွားဖို့ ရှိပါတယ်။ 

Twitter ဟာ ကုမ္ပဏီပလက်ဖောင်းပေါ်က နေ့စဉ်ပုံမှန်အသုံးပြုသူတွေကို ကုမ္ပဏီရဲ့ ဘဏ္ဍာရေးရှင်းလင်းပွဲတွေမှာ အဓိကအချက်အလက်တစ်ခုအနေနဲ့ ဘယ်လိုအသုံးပြုသလဲဆိုတာကိုပါ ဂျက်ဆီကို မေးသွားဖို့ ရှိပါတယ်။ ဂျက်ဒေါ်ဆီဟာ ၂၀၂၁ နိုဝင်ဘာလထဲမှာ Twitter အမှုဆောင်အရာရှိချုပ်အဖြစ်ကနေ ဆင်းပေးခဲ့ပြီး သူ့နေရာကို လက်ရှိကုမ္ပဏီ CEO အဖြစ် တာဝန်ယူနေသူ ပါရက် အဂ္ဂရာဝဲလ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ 

ဂျက်ဒေါ်ဆီဟာ သူ့မိတ်ဆွေ အီလွန်မတ်စ်ကို ထောက်ခံကြောင်း ထုတ်ပြောခဲ့သူဖြစ်သလို Twitter ကို ကိုင်တွယ်ဖို့ အကောင်းဆုံးပုဂ္ဂိုလ်အဖြစ်ပါ ညွှန်းခဲ့ပါတယ်။ ဂျက်ဒေါ်ဆီ ရာထူးက ဆင်းပြီး ၆ လခန့်အကြာမှာ အီလွန်မတ်စ်ဟာ Twitter ရှယ်ယာတွေ ဝယ်ယူမှုလုပ်ပြီး ကုမ္ပဏီကိုပါ ပေါက်ဈေးထက် ၃၈% ပိုပြီး ရှယ်ယာတစ်စု ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၄၄ ဘီလျံခန့် ဝယ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အစောပိုင်းက ရောင်းဖို့ တွန့်ခဲ့ပေမယ့် နောက်တော့ Twitter ဟာ ကုမ္ပဏီရောင်းဖို့ သဘောတူခဲ့ပါတယ်။ 

အီလွန်မတ်စ်ဟာ Twitter ဆီက အရောင်းအဝယ်သဘောတူညီချက် ရပြီးနောက် လပိုင်းအတွင်းမှာ စိတ်ပြောင်းလာပါတယ်။ ဇူလိုင် ၈ ရက်နေ့မှာ Twitter ပလက်ဖောင်းပေါ်က bot နဲ့ spam အကောင့်အရေအတွက်ကိစ္စကို အကြောင်းပြုပြီး ကုမ္ပဏီကို ဝယ်မယ့်ကိစ္စဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီးနောက် မတ်စ်ကို Twitter ဘက်က တရားစွဲပါတယ်။ အီလွန်မတ်စ်က Twitter ဟာ ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် SEC ပေါ်က ဘဏ္ဍာရေးအချက်အလက်တွေထဲမှာ ကိန်းဂဏန်းအမှားတွေ ထည့်ပြီး ရင်းနှီးမြှပ်နှံသူတွေကို လှည့်ဖျားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။



Twitter ဘက်ကလည်း SEC မှာ တင်ထားတာတွေက အမှန်အတိုင်း ဖြစ်တယ်လို့ ပြောကြားခဲ့သလို အီလွန်မတ်စ်ရဲ့ အဖွဲ့ဟာ spam အရှုပ်တော်ပုံတစ်ခု ဖန်တီးဖို့ ကြိုးစားခဲ့ပေမယ့် ဘာမှ ရှာမတွေ့ခဲ့ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ မတ်စ်ရဲ့ အကြောင်းပြချက်တွေဟာ ဝယ်လက်ရဲ့ နောင်တကို ကာဗာလုပ်ချင်ရုံသက်သက်ပဲလို့ ပြောပါတယ်။ Twitter အနေနဲ့ အီလွန်မတ်စ်ကို ကုမ္ပဏီထိုးရောင်းဖို့ ဥပဒေကြောင်းအရ ဖိအားပေးနေပါတယ်။ ပြီးခဲ့တဲ့ သုံးလပတ်ထဲမှာလည်း မပြီးမပြတ်ဖြစ်နေတဲ့ အရောင်းအဝယ်ကိစ္စအတွက် ဒေါ်လာ ၃၃ သန်း သုံးစွဲခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ 

Share

Loading Next Article...
က္က