Apple ကုမ္ပဏီနဲ့ Twitter သူဌေးတို့အကြား အဆင်ပြေသွားကြပြီလို့ ယူဆရပါတယ်။
တလောကပဲ Apple ဟာ App Store ပေါ်ကနေ Twitter ကို ဖယ်ရှားဖို့ ခြိမ်းခြောက်ခဲ့ကြောင်းနဲ့ Twitter ပလက်ဖောင်းပေါ် Apple ကြော်ငြာအများစု ရပ်လိုက်ကြောင်း အီလွန်မတ်စ်က ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်က အီလွန်မတ်စ် တင်တဲ့ Tweet တစ်ခုထဲမှာ Apple ကို ရည်ရွယ်ပြီး "သူတို့က လွတ်လပ်စွာ ပြောဆိုခွင့်ကိုများ မကြိုက်လို့လား" လို့ ရေးခဲ့ပါတယ်။
Photo: Apple 3.0
နောက်တော့ သူနဲ့ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်တို့ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Apple ရုံးချုပ်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် နားလည်မှုလွဲနေတဲ့ကိစ္စကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အီလွန်မတ်စ်ဘက်က ပြောခဲ့ပါတယ်။ "Apple ဟာ App Store ပေါ်ကနေ Twitter ကို ဖယ်ရှားဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး" လို့လည်း မတ်စ်က ပြောဆိုခဲ့ပါတယ်။
တင်မ်ကွတ်နဲ့ အဆင်ပြေသွားပြီးနောက်မှာ Apple ဟာ Twitter ရဲ့ အကြီးဆုံးကြော်ငြာရှင်ဖြစ်တယ်လို့လည်း မတ်စ်က နှစ်နာရီကြာ Twitter Spaces တိုက်ရိုက်ပြောဆိုခန်းမှာ အတည်ပြုခဲ့ပါတယ်။ Apple ဟာ Twitter ပလက်ဖောင်းပေါ်မှာ တစ်နှစ်ကို ဒေါ်လာသန်း ၁၀၀ ကျော် ကြော်ငြာစရိတ် သုံးစွဲထားတဲ့ ကြော်ငြာရှင်လည်း ဖြစ်ပါတယ်။
Twitter ကို အောက်တိုဘာလကုန်ပိုင်းမှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်က ဒေါ်လာ ၄၄ ဘီလျံကျော် ပေးဝယ်ပြီးနောက် ပလက်ဖောင်းရဲ့ အကြီးဆုံးကြော်ငြာရှင်တွေဟာ ကြော်ငြာမှု ရပ်ဆိုင်းခဲ့ပါတယ်။ ကြော်ငြာဝင်ငွေ ထိုးကျခဲ့ကြောင်းနဲ့ ကြော်ငြာရှင်တွေ ပလက်ဖောင်းပေါ် ငွေမသုံးတော့တဲ့အကြောင်းလည်း အီလွန်မတ်စ်က ပြောခဲ့ပါတယ်။ ကာတာမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ပထမအပတ်အတွင်းမှာ Twitter ဟာ မျှော်လင့်ထားတဲ့ ကြော်ငြာဝင်ငွေရဲ့ ၂၀% ခန့်ပဲ ရှာဖွေနိုင်ခဲ့ပါတယ်။
Photo: The New York Times
ဝင်ငွေကျဆင်းလာတာကြောင့် ဒီနှစ် နောက်ဆုံးသုံးလအတွက် ဝင်ငွေမျှော်မှန်းချက်ပါ လျှော့ချခဲ့ပါတယ်။ ကနဦးက Twitter ဟာ စတုတ္ထသုံးလပတ်အတွင်း ဝင်ငွေဒေါ်လာ ၁.၄ ဘီလျံခန့် ရရှိဖို့ မျှော်လင့်ထားပေမယ့် အခုတော့ ဒေါ်လာ ၁.၁ ဘီလျံကို လျှော့ချလိုက်ပါတယ်။ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားလာပြီးနောက်မှာ ကုမ္ပဏီ ဒေဝါလီခံနိုင်ခြေဟာ မေးစရာဖြစ်လာတယ်လို့ပါ အီလွန်မတ်စ်က ထုတ်ပြောခဲ့ပါတယ်။
သတင်းကောင်းတစ်ခုက Amazon ကုမ္ပဏီကလည်း Twitter ပေါ်မှာ ပြန်ပြီး ကြော်ငြာတွေ ဝယ်ဖို့ စီစဉ်နေတယ်ဆိုတာပါပဲ။ Twitter ရဲ့ ကြော်ငြာပလက်ဖောင်းပေါ်က လုံခြုံရေးအပြောင်းအလဲတချို့ကြောင့် ကြော်ငြာတင်မှု ရပ်ထားတဲ့ Amazon ဟာ Twitter မှာ တစ်နှစ် ဒေါ်လာသန်း ၁၀၀ ခန့် ကြော်ငြာဖိုး သုံးသွားဖို့ ရှိပါတယ်။