Twitter CEO ဂျက်ခ်ဒေါ်ဆီဟာ သူထောင်ထားတဲ့ ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် ရာထူးကနေ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဂျက်ခ်ဒေါ်ဆီရဲ့ နေရာမှာ လက်ရှိကုမ္ပဏီရဲ့နည်းပညာအမှုဆောင်အရာရှိချုပ် ပါရက်ဂ် အဂ္ဂါဝယ်နဲ့ အစားထိုးသွားမှာ ဖြစ်တယ်လို့ NBC News က ဖော်ပြထားပါတယ်။ ဂျက်ခ်ဒေါ်ဆီကတော့ လာမယ့်နှစ် ရှယ်ယာရှင်များအစည်းအဝေးမှာ ကုန်ဆုံးမယ့် သူ့သက်တမ်းအထိ ဘုတ်အဖွဲ့ဝင်အဖြစ် ရှိနေဦးမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။
Photo: NME
"ကုမ္ပဏီဟာ သူ့တည်ထောင်သူတွေဆီကနေ လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ အချိန်ကျပြီလို့ ယုံကြည်တာကြောင့် Twitter ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပါရက်ကို Twitter ရဲ့ CEO အဖြစ် ခန့်အပ်ဖို့ ကျွန်တော် အလေးနက် ယုံကြည်မှုရှိပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်က သူ့ရဲ့ လုပ်ရည်ကိုင်ရည်က အများကြီးပြောင်းလဲမှု ဖြစ်စေခဲ့ပါတယ်။ သူ့စွမ်းဆောင်ရည် ၊ စိတ်နှလုံး နဲ့ သဘောထားတွေအတွက် အလေးအနက် ကျေးဇူးတင်ပါတယ်။ အခုချိန်က သူဦးဆောင်ရမယ့်အချိန်ပါ" လို့ ဂျက်ခ်ဒေါ်ဆီက ပြောပါတယ်။
ဂျက်ခ်ဒေါ်ဆီ ထောက်ခံတဲ့ ပါရက်ဟာ Twitter ကို ၂၀၁၁ ခုနှစ်က ရောက်ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်က စလို့ ကုမ္ပဏီရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ် ဖြစ်လာခဲ့သူပါ။ ဂျက်ခ်ဒေါ်ဆီဟာ ၂၀၀၆ ခုနှစ်က Twitter ကို စတင်တည်ထောင်ခဲ့သူ ၄ ဦးအနက် တစ်ဦးအပါအဝင် ဖြစ်ပြီး Twitter အပြင် ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Square မှာလည်း အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားတာလည်း ဖြစ်ပါတယ်။
Square ကို ကိုင်တွယ်နေချိန်မှာ Twitter ပေါ် အာရုံစိုက်မှု နည်းလာတယ်လို့ ရင်းနှီးမြှပ်နှံသူတွေရဲ့ ဝေဖန်ခြင်း ခံရသူလည်း ဖြစ်ပါတယ်။ အခုလို CEO ရာထူးက ထွက်ပြီးနောက် ဘုတ်အဖွဲ့ဝင် သက်တမ်းကုန်ဆုံးချိန်မှာလည်း ဘုတ်အဖွဲ့ထဲကနေ ထွက်သွားမယ်လို့ ဂျက်ခ်ဒေါ်ဆီက ပြောကြားထားပါတယ်။