အလုပ်လျှော့ဖို့ကိစ္စကို မတ်စ်ဟာ သူ့လူတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်

အီလွန်မတ်စ်လက်ထဲ ရောက်သွားပြီးနောက် Twitter ဝန်ထမ်းအင်အားရဲ့ ထက်ဝက်ခန့် အလုပ်က လျှော့ချခံရဖို့ ရှိနေပါတယ်။

Twitter ကို Tesla နဲ့ SpaceX သူဌေး အီလွန်မတ်စ် ဝယ်ယူလိုက်ပြီးနောက် လက်ရှိဝန်ထမ်းအင်အားရဲ့ ၅၀% ကို အလုပ်လျှော့သွားဖို့ မျှော်လင့်ရကြောင်း CNBC သတင်းက ဖော်ပြပါတယ်။ ဝန်ထမ်းဦးရေ ၇၅၀၀ ရှိတဲ့ ကုမ္ပဏီအနေနဲ့ လူ ၃၇၀၀ လောက်ကို အလုပ်က ရပ်ဆိုင်းလိုက်ဖို့ ရှိပါတယ်။ Twitter အမှုဆောင်အရာရှိချုပ်သစ် ဖြစ်လာတဲ့ အီလွန်မတ်စ်ဟာ အိမ်ကနေ အလုပ်လုပ်နေကြတဲ့ လူမှုကွန်ရက်ကုမ္ပဏီဝန်ထမ်းတွေကို ရုံးပြန်တက်ကြဖို့လည်း ညွှန်ကြားလာနိုင်ပါတယ်။ 



Photo: The Washington Post



CNBC က ကြည့်ရှုခဲ့တဲ့ ကုမ္ပဏီတွင်း အပြန်အလှန်ဆက်သွယမှုတွေအရ မတ်စ်ဟာ အလုပ်လူလျှော့ဖို့ကိစ္စကို သူနဲ့ လူရင်းတွေနဲ့ ဆွေးနွေးဖို့ပါ စီစဉ်နေတယ်လို့ ဆိုပါတယ်။ မတ်စ်ကို အကြံပေးနေတဲ့ လူရင်းအတွင်းလူထဲမှာ Craft Ventures ရဲ့ ရင်းနှီးမြှပ်နှံရေးလုပ်ငန်းရှင် ဒေးဗစ်ဆက်စ် ၊ The Boring Company ရဲ့ ဥက္ကဌ စတိဗ် ဒေးဗစ်စ် ၊ Valor Equality Partners လုပ်ငန်းမှ ဆမ် တယ်လာ နဲ့ အန်တိုနီယို ဂရာစီယားစ်တို့လည်း ပါဝင်နေပါတယ်။ 

မတ်စ်ဟာ ပြီးခဲ့တဲ့သီတင်းပတ် Twitter ကို ဝယ်ယူမှုပြီးပြတ်ပြီးနောက် ကုမ္ပဏီရဲ့ နောက်ထပ်ခြေလှမ်းတွေ လှမ်းဖို့ သူ့ပိုင် တခြားကုမ္ပဏီတွေက သူယုံကြည်ရတဲ့ အကြံပေးပုဂ္ဂိုလ်တွေနဲ့ ဝန်ထမ်းတွေကို Twitter ထဲ အလျင်အမြန်ပဲ ဆွဲသွင်းခဲ့ပါတယ်။ Twitter လုပ်ငန်းခွင်ထဲက Tesla ၊ Boring Company နဲ့ Neuralink စတဲ့ သူ့ပိုင် လုပ်ငန်းတွေထဲက အင်ဂျင်နီယာ ၅၀ ကျော်ပါ အလုပ်ခန့်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

Twitter ကို ဝယ်ယူပြီးနောက် မတ်စ်ဟာ လုပ်ငန်းလည်ပတ်ရေးစရိတ်တွေ လျှော့ချဖို့ နဲ့ ဝင်ငွေတိုးဖို့ နည်းလမ်းသစ်ရှာဖွေရေး အပါအဝင် အမြတ်မာဂျင်တက်အောင် ကြိုးစားနေပါတယ်။ Twitter ကနေ ဝင်ငွေတိုးရေးအတွက် မတ်စ်ဟာ Blue Mark ရထားတဲ့ ပုဂ္ဂိုလ်တွေကို လစဉ်ကြေး တစ်လ ၅ ဒေါ်လာကနေ ၈ ဒေါ်လာကို တိုးကောက်တဲ့ အစီအစဉ် စတင်လိုက်ပြီ ဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေအရဆို သူဟာ Twitter Blue အသုံးပြုသူတွေကို လစဉ်ကြေး တစ်လ ဒေါ်လာ ၂၀ အထိ ကောက်ခံဖို့ လုပ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာကျော်စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဝေဖန်သံကြောင့် ၈ ဒေါ်လာဈေး ဖြစ်သွားခဲ့တာပါ။

Photo : The Complex


ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၂၁ ခုနှစ်အကြားမှာ Twitter ရဲ့ စုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၂၅ ဘီလျံ ရှိခဲ့ပြီး သုတေသန နဲ့ ဖွံ့ဖြိုးရေးပိုင်းအတွက် ဒေါ်လာ ၇.၈ ဘီလျံလောက် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၀-၂၀၂၁ နှစ်တွေအတွင်း ကုမ္ပဏီရဲ့ အသားတင် ဝင်ငွေဟာ ဒေါ်လာ ၁.၃ ဘီလျံ ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က