Twitter ကို ပုံစံပြောင်းဖို့ အားစိုက်လာနေပါတယ်

ဒေါ်လာ ၄၄ ဘီလျံနဲ့ ကုမ္ပဏီကို အပိုင်ဝယ်လိုက်ပြီးနောက် အီလွန်မတ်စ် ဟာTwitter ကို ပုံစံပြောင်းဖို့ Tesla အင်ဂျင်နီယာတွေကို အလုပ်ထဲ ခေါ်သုံးလိုက်ပြီ ဖြစ်ပါတယ်။

Tesla လျှပ်စစ်ကားကုမ္ပဏီရဲ့ CEO လည်းဖြစ် Twitter ရဲ့ တစ်ဦးတည်းသော ဒါရိုက်တာနဲ့ CEO အဖြစ်လည်း တာဝန်ယူထားတဲ့ အီလွန်မတ်စ်ဟာ Twitter လူမှုကွန်ရက်မှာ အကောင့်အတည်ပြုစနစ်နဲ့ လစဉ်ကြေးဆောင်တဲ့ မော်ဒယ်ကို ပုံစံပြောင်းဖို့ Tesla အင်ဂျင်နီယာ ၅၀ ကျော်ကို ထည့်သွင်းလိုက်တာလို့ CNBC သတင်းက ဖော်ပြပါတယ်။ တစ်ပတ်အတွင်း Twitter လစဉ်ကြေးပေးဆောင်မှုနဲ့ အတည်ပြုစနစ်တွေကို ပုံစံသစ်ပြန်ပြောင်းဖို့ အီလွန်မတ်စ်က ကြိုးပမ်းနေတာပါ။



Photo: TechTimes


Twitter ပိုင်ရှင်သစ်လက်ထက်မှာ ကုမ္ပဏီဟာ အပြောင်းအလဲကြီးတွေ စတင်နေပြီလို့ ဆိုရမှာပါ။ ကုမ္ပဏီကို လက်လွှဲရယူလိုက်ပြီးနောက် အီလွန်မတ်စ်ဟာ သူစိတ်ချရတဲ့ Tesla ဝန်ထမ်းတွေကို Twitter ဘက် ပြောင်းလိုက်တာ ဖြစ်ပါတယ်။ Twitter ကို သူခေါ်ထားတဲ့ Tesla ဝန်ထမ်းတွေထဲမှာ အများစုက Autopilot အဖွဲ့ထဲက ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတွေပါ။ အောက်တိုဘာ ၂၈ ရက်နေ့က Twitter ကို ဒေါ်လာ ၄၄ ဘီလျံပေး ဝယ်ပြီးနောက် မတ်စ်ဟာ Twitter ရဲ့ အမှုဆောင်အရာရှိချုပ် ၊ ဘဏ္ဍာရေးအရာရှိချုပ် ၊ မူဝါဒနဲ့ ဥပဒေရေးရာအဖွဲ့ခေါင်းဆောင်တွေကို အလုပ်ထုတ်ခဲ့ပါတယ်။ 

Twitter ရဲ့ ဘုတ်အဖွဲ့ကိုတောင် ဖျက်သိမ်းပစ်ခဲ့ပြီး သူတစ်ယောက်တည်း ဒါရိုက်တာအဖြစ် ညွှန်ကြားလာတာပါ။ လောလောဆယ် သူဟာ Twitter မှာ အမှုဆောင်အရာရှိချုပ်အဖြစ်လည်း တာဝန်ယူနေပါတယ်။ လျှပ်စစ်ကားကုမ္ပဏီ Tesla နဲ့ ပြန်အသုံးပြုနိုင်မယ့် ဒုံးကျည်တွေ ထုတ်လုပ်နေတဲ့ SpaceX အာကာသယာဉ်လုပ်ငန်းတွေမှာလည်း မတ်စ်ဟာ အမှုဆောင်အရာရှိချုပ်အဖြစ် ဦးဆောင်နေတာ ဖြစ်လို့ Twitter CEO ရာထူးကို ယာယီအနေနဲ့ ယူထားပြီး ပုံစံသစ်ပြောင်းလဲမှုတွေ လုပ်နေတာလို့ ယူဆရပါတယ်။ 

CNBC က တွေ့မြင်ခဲ့ရတဲ့ အတွင်းရေးမှတ်တမ်းတွေအရ Twitter မှာ အလုပ်တာဝန်ပြောင်းဖို့ Tesla က အင်ဂျင်နီယာ ၅၀ ကျော်အပြင် မြေအောက်ဥမင်လိုဏ်တူးဖော်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ Boring Company ရဲ့ ဝန်ထမ်း ၂ ဦးနဲ့ ဦးနှောက်-ကွန်ပျူတာကြားခံချိတ်ဆက်ရေးနည်းပညာလုပ်ငန်း Nerualink ရဲ့ ဝန်ထမ်း ၁ ဦးတို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ Boring Company နဲ့ Neuralink တို့ကိုလည်း အီလွန်မတ်စ်ပဲ တည်ထောင်ဦးစီးနေတာ ဖြစ်ပါတယ်။ 

အီလွန်မတ်စ်ရဲ့ မိတ်ဆွေတွေ ၊ အကြံပေးပုဂ္ဂိုလ်တွေနဲ့ သူ့ကို ဝန်းရံထောက်ခံတဲ့ ရင်းနှီးမြှပ်နှံရေးသမားတွေလည်း ပါဝင်ပါတယ်။ ဒီထဲမှာ အီလွန်မတ်ရဲ့ မိသားစုရုံးအကြီးအကဲ ဂျာရက်ဒ် ဘာချော ၊ ရင်းနှီးမြှပ်နှံရေးသမား ဂျေဆင်း ကာလာကန်နစ်နဲ့ သူတည်ထောင်ခဲ့တဲ့ PayPal ရဲ့ COO လည်းဖြစ် ငွေပင်ငွေရင်းမြှပ်နှံသူလည်း ဖြစ်တဲ့ ဒေးဗစ်ဆက်စ်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ Palantir နဲ့ Neuralink တို့မှာ အလုပ်လုပ်နေတဲ့ ဂျိမ်းစ်မတ်စ် နဲ့ အင်ဒရူးမတ်စ်တို့လည်း Twitter ကို ရောက်လာပါတယ်။

Tesla ကနေ အီလွန်မတ်စ်ကိုယ်တိုင် လက်ရွေးစင် ရွေးထုတ်လိုက်တဲ့ ပညာရှင်တွေထဲမှာ ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးရေးပိုင်း ဒါရိုက်တာ အရှော့ခ် အယ်လူစ်ဝမ်မီ ၊ Tesla Autopilot နဲ့ TeslaBot အင်ဂျင်နီယာပိုင်း ဒါရိုက်တာ မီလန် ကိုဗက်စ် ၊ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာပိုင်းအကြီးတန်း ဒါရိုက်တာ မာဟာ ဗာဒူဟာဂီရီ ၊ အကြီးတန်း ဝန်ထမ်းနည်းပညာပရိုဂရမ်မန်နေဂျာ ပီတီ ရှဟွတ်ဇိုး နဲ့ လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးပိုင်း အကြီးတန်းမန်နေဂျာအနေနဲ့ Tesla ရဲ့ ထောက်လှမ်းရေးယူနစ်ပိုင်းမှာ အလုပ်လုပ်နေတဲ့ ဂျိတ်ခ် နိုကွန်တို့လည်း ပါဝင်ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်အကုန်ကပဲ ရုံးကို ရောက်လာတဲ့ Tesla ဝန်ထမ်းတွေဟာ Twitter လူမှုကွန်ရက်ရဲ့ ကုဒ်တွေ ပြန်သုံးသပ်ရေးမှာ ဝင်ပါနေကြပြီလို့ Twitter ကုမ္ပဏီဝန်ထမ်းတွေက CNBC ကို ပြောပါတယ်။ Tesla အင်ဂျင်နီယာတွေအနေနဲ့ Autopilot နဲ့ တခြား Tesla ဆော့ဖ်ဝဲလ်နဲ့ Hardware ပိုင်းတွေမှာ ကျွမ်းကျင်မှုအပြည့်ရှိနိုင်ပေမယ့် လူမှုကွန်ရက်တစ်ခု တည်ဆောက်ထိန်းသိမ်းတဲ့ ဘာသာစကားနဲ့စနစ်တွေမှာ တိုက်ရိုက်ထပ်တူမကျနိုင်ပါဘူး။

Twitter ဟာ ကုဒ်လိုင်းသန်းပေါင်းများစွာပါတဲ့ Code Base တွေ အများအပါးရှိပြီး တစ်စက္ကန့် Query နှုန်း ၁၀ သန်း ၊ သန်း ၁၀၀ ကျော်အထိ ရှိနိုင်ပါတယ်။ Tesla မှာ Pyton ကို အသုံးပြုပြီး Twitter ပရိုဂရမ်မာတွေက Scala Programming Language ကိုပဲ သုံးပါတယ်။ Twitter ဟာ အမုန်းစကားနဲ့ အချက်အလက်လုံခြုံရေးဆိုင်ရာ Privacy ကို အကြောင်းပြုပြီး ဥရောပသမဂ္ဂရဲ့ အထွေထွေ ဒေတာကာကွယ်ရေးစည်းမျည်းလိုမျိုး နိုင်ငံတကာစည်းမျဉ်းဥပဒေတွေနဲ့ ထိတွေ့ခဲ့ရပြီး ကုမ္ပဏီရဲ့နည်းပညာအချက်အလက်ပုံစံတွေအားလုံးကိုပါ ချပြရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: NYTimes


ကုမ္ပဏီကို အီလွန်မတ်စ် ဝယ်ယူသွားပြီးနောက် Twitter ဝန်ထမ်းတွေအကြားမှာ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်ခံရမှာကို စိတ်ပူနေကြတယ်လို့လည်း ဆိုပါတယ်။ တချို့လည်း နိုဝင်ဘာပထမလပတ်ထဲမှာ ရဖို့ ရှိတဲ့ ဆုကြေးစတော့ခ်ရှယ်ယာတွေ မရမှာကို စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။ အခုထိတော့ Twitter ဝန်ထမ်းတွေက အီလွန်မတ်စ်နဲ့ သူ့အဖွဲ့ဆီက တိကျတဲ့အစီအစဉ်တွေ မကြားရသေးဘူးလို့လည်း ဆိုပါတယ်။ 

တစ်ဖက်မှာလည်း အီလွန်မတ်စ်ဟာ သတ်မှတ်ရက်အတွင်း သူခိုင်းထားတဲ့အလုပ်တွေ မပြီးတဲ့ Twitter ဝန်ထမ်းတွေကို အလုပ်ထုတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ Blue Mark ရထားတဲ့ Twitter Blue အသုံးပြုသူတွေရဲ့ လစဉ်ကြေးကို နိုဝင်ဘာ ပထမအပတ်အတွင်း Redesign လုပ်ဖို့ တစ်ပတ် ၇ ရက် ၊ ၁၂ နာရီ Shifts နှုန်းနဲ့ အလုပ်လုပ်ဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က