ဝယ်မယ့်ကိစ္စကတော့ ကတိအတိုင်း ဆက်ရှိဦးမယ်လို့‌ ပြောပါတယ်

Twitter ပေါ်က Spam bots ပြဿနာကို အရင်ရှင်းပြီးမှ အရောင်းအဝယ်ကိစ္စဆက်သွားမယ်လို့ အီလွန်မတ်စ်က ပြောလာပါတယ်။ 

သောကြာနေ့အစောပိုင်းက တင်ခဲ့တဲ့ အီလွန်မတ်စ်ရဲ့ Tweet ထဲမှာ Twitter ပလက်ဖောင်းပေါ်က အကောင့်တုအစီရင်ခံစာအရ လူမှုကွန်ရက်ကုမ္ပဏီကို ဝယ်ယူရေးကိစ္စကို ယာယီဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။ Twitter ရဲ့ အစီရင်ခံစာထဲမှာ အကောင့်တု ဒါမှမဟုတ် အယောင်ဆောင်အကောင့်အရေအတွက်ဟာ ဝင်ငွေရှာလို့ ရနိုင်မယ့် နေ့စဉ် သုံးစွဲသူ ၂၂၆ သန်းရဲ့ ၅% အောက်ပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။ 





Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ဖို့ ကမ်းလှမ်းထားတဲ့ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ မေလ ၂ ရက်နေ့က Reuters ရဲ့ Twitter ပလက်ဖောင်းပေါ်က အကောင့်တုအကြောင်း သတင်း Link ကို Tweet မှာ Share ထားပြီး "Spam/Fake အကောင့်တွေဟာ တကယ်ပဲ သုံးစွဲသူရဲ့ ၅% အောက် ရှိတယ်ဆိုတဲ့ တွက်ချက်မှုကို အထောက်အကူပြုမယ့် အသေးစိတ်အချက်အလက်ကို စောင့်ရင်း Twitter နဲ့ အရောင်းအဝယ်ကိစ္စကို ယာယီဆိုင်းထားပါတယ်။" လို့ ရေးထားပါတယ်။ 

ဒီလို ရေးထားပေမယ့်လည်း နောက် ထပ်ရေးထားတဲ့ Tweet ထဲမှာ ဝယ်ဖို့ကိစ္စကတော့ ကတိပြုထားတဲ့ အတိုင်း ဆက်ရှိမယ်ဆိုပြီး တင်ထားပါတယ်။ Twitter အနေနဲ့ အကောင့်တုပမာဏအကြောင်း ကျေနပ်လောက်တဲ့ တွက်ချက်မှု ပေးနိုင်ရင် ကုမ္ပဏီအရောင်းအဝယ်ကိစ္စ ပုံမှန်အတိုင်း ဆက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ Twitter ဝယ်ဖို့ ကိစ္စ ယာယီရပ်ထားမယ်ဆိုတဲ့ အီလွန်မတ်စ်ရဲ့ Tweet ကြောင့် ကုမ္ပဏီရှယ်ယာဈေးဟာ ၂၀% အထိ ကျဆင်းသွားခဲ့ပြီး Tesla ရဲ့ ရှယ်ယာဈေးကတော့ ၆% အထိ တက်လာခဲ့တယ်လို့လည်း The Verge သတင်းက ဆိုပါတယ်။ 



Twitter ဟာ အရင်ကလည်း ၃ နှစ်ဆက်တိုက် နေ့စဉ်သုံးစွဲသူဦးရေကို မှားပြီး ပိုတွက်ချက်တဲ့ ပြဿနာရှိခဲ့တဲ့ ပလက်ဖောင်းပါ။ ၂၀၁၉ Q1 ကနေ ၂၀၂၁ Q4 အထိ တောက်လျှောက် သုံးစွဲသူအရေအတွက် မှားပြီး ထုတ်ပြန်ခဲ့တာပါ။ သုံးလပတ် Quarter တစ်ခုစီမှာ သုံးစွဲသူ ၁.၉ သန်းအထိ ပိုတွက်ချက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအရင် ၂၀၁၇ ခုနှစ်ကလည်း Twitter ဟာ ၂၀၁၅ ကနေ ၂၀၁၇ တောက်လျှောက် သုံးနှစ်ကြာ သုံးစွဲသူအရေအတွက် ၁ သန်းကနေ ၂ သန်း ပိုတွက်ချက်ခဲ့တဲ့ မှတ်တမ်းလည်း ရှိပါတယ်။ 

ဒါကြောင့်ပဲ အီလွန်မတ်စ်က Twitter ရဲ့ အကောင့်တု တွက်ချက်မှုကို မှန်မမှန် စောင့်ကြည့်ချင်တယ်လို့ ပြောတာ ဖြစ်ပါတယ်။ Twitter ကို ဝယ်ပြီးသွားရင်လည်း မတ်စ်အနေနဲ့ Free Speech ပြောဆိုခွင့် ၊ ပလက်ဖောင်း Algorithm ကို Open-Source ချပြမှုနဲ့အတူ အကောင့်တုနဲ့ Scam Bots ရှင်းလင်းရေးပါ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။ 

Share

Loading Next Article...
က္က