ပြတိုက်ထားရှိသွားဖို့အတွက် တွံတေးသိန်းတန်ရဲ့ အနုပညာအလုပ်တွေနဲ့ သူ့အကြောင်းတွေကို စုဆောင်းပြီး ပုံဖော်ရေးသားကာ အချိန်ယူဆောင်ရွက်ရမယ်ဆိုပေမယ့် ဖြစ်အောင်တော့အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ တွံတေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စား ဦးမြင့်အောင်ကပြောပါတယ်။
တွံတေးမြို့မှာ ဂန္ထဝင်အဆိုတော် တွံတေးသိန်းတန်ပြတိုက်အဖြစ်ထားရှိသွားဖို့စိတ်ကူးထားပြီး ပြတိုက်ထားရှိဖို့အတွက် အများကြီးကျယ်ပြန့်တာကြောင့် အချိန်ယူပြီးဆောင်ရွက်သွားမယ်လို့ တွံတေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
ပြတိုက်ထားရှိဖို့က တွံတေးမြို့ဒေသခံတွေရဲ့အိပ်မက်ဖြစ်ပြီး ဒေသခံပြည်သူလူထုရဲ့ အိပ်မက်ကိုအကောင်အထည်ဖော်ပေးဖို့ကလည်း ကျွန်တော်တို့မှာတာဝန်ရှိတယ်လို့ဆိုပါတယ်။
“ ပြတိုက်အဖြစ်ထားဖို့က အများကြီးကျယ်ပြန့်တယ်။ မြေနေရာတွေ၊ အဆောက်အုံနေရာတွေရှိမယ်။ပြီးတော့ သူ့ရဲ့အနုပညာတွေကိုစုဆောင်းရတာရှိမယ်။ ပြတိုက်ထားရှိဖို့ဆိုတာက ပြောရရင် ရုပ်တုထက် အဆ(၅၀) (၁၀၀)လောက်အားထုတ်ရမယ့်သဘောရှိတယ်။ ပြတိုက်ထားရှိဖို့အတွက် ဦးတို့ဒေသခံတွေအားလုံးကတော့ အိပ်မက်မက်ထားတယ်။ ဒီအိပ်မက်ကိုလည်း မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံးကို ချပြမယ်” လို့ တွံတေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စား ဦးမြင့်လွင်က Duwun ကိုပြောပါတယ်။
လက်ရှိမှာတော့ ဂန္ထဝင်အဆိုတော် တွံတေးသိန်းတန်ရဲ့ ရုပ်တုကို တွံတေးမြို့မှာဖွင့်လှစ်ထားရှိထားပြီး ရုပ်တုကိုအောင်မြင်အောင်လုပ်ပြီနောက်မှာတော့ ပြတိုက်အတွက်ခြေလှမ်းတွေကို စတင်တော့မယ်လို့ ဦးမြင့်လွင်ကပြောပါတယ်။ တွံတေးသိန်းတန်ရုပ်တုကို သိန်း(၁၀၀)ကျော်အကုန်အကျခံဆောက်လုပ်ထားပြီး ပြတိုက်ကိုလည်း ဘယ်လောက်အကုန်အကျခံပြီး ဘယ်ကာလမှာအကောင်အထည်ဖော်နိုင်မလဲဆိုတာကတော့ အတိအကျမသိရသေးပါဘူး။ ရုပ်တုပြုလုပ်ဖို့တောင် အခက်အခဲတွေအများကြီးနဲ့ကြုံတွေ့ခဲ့ရပြီး ပြတိုက်ကိစ္စမှာလည်း ဦးတို့လက်ထက်တောင်အကောင်အထည်မဖော်နိုင်ရင် နောက်မျိုးဆက်တွေလက်ထက်မှာ အကောင်အထည်ဖော်နိုင်လိမ့်လို့ ယုံကြည်ကြောင်း ဦးမြင့်လွင်ကပြောပါတယ်။ တွံတေးသိန်းတန်ရဲ့ရုပ်တုကိုတော့ သူကွယ်လွန်ခြင်း (၂၁)နှစ်မြောက်နေ့ဖြစ်တဲ့ ၂၀၂၀ခုနှစ်ဇန်နဝါရီ (၁၁)ရက်နေ့မှာပဲ တွံတေးမြို့မှာ ရုပ်တုဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။