တိုက်စစ်မှူးတဦး ထပ်မံဝယ်ယူမယ်လို့လည်း အတည်ပြုထားပါတယ်။

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းအတွက် တိုက်စစ်မှူးတဦးကို ရှာဖွေသွားမယ်လို့ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်က ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုနဲ့ နှစ်ဖက်သဘောတူလမ်းခွဲခဲ့ပြီးနောက် ယူနိုက်တက်ဟာ အထောင်တိုက်စစ်မှူးတဦးလိုအပ်နေတာဖြစ်ပြီး စျေးကွက်ထဲမှာ အဆိုပါနေရာကို ဖြည့်တင်းပေးနိုင်မယ့်သူကို ရှာဖွေသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်တိုက်စစ်ပိုင်းမှာ အားထားရမယ့်သူတွေအဖြစ် ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့နှစ်ဦးတည်းသာ ရှိနေတာဖြစ်ပြီး မာရှယ်ကလည်း ဒဏ်ရာမကြာခဏရရှိနေတာကြောင့် ပွဲကစားချိန်ထက် အနားယူချိန်က ပိုများနေသူဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုကို ဆုံးရှုံးထားရလို့ တိုက်စစ်မှူးတဦးကို ခေါ်ယူမယ်လို့ နယ်သာလန်သားနည်းပြကြီးက ပြောဆိုခဲ့တာပါ။ 

"ဟုတ်ပါတယ်၊ ကျနော်တို့ တိုက်စစ်မှူးတဦးကို ဆုံးရှုံးထားရပြီး ဒါကြောင့် တဦးလိုအပ်နေပါတယ်၊ ဒါပေမယ့်လည်း အသင်းအတွက် တကယ်အရည်အသွေးပြည့်၀တဲ့ ကစားသမားမှသာ ခေါ်ယူမှာပါ၊ အသင်းလူစာရင်းကို ပေါင်းထည့်ရုံသက်သက်မဟုတ်ပါဘူး၊ ယူနိုက်တက်မှာ သတ်မှတ်ချက်တွေက မြင့်မားပါတယ်" လို့ တန်ဟက်ဂျ်က ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံး ၈ သင်းထဲမှာ ဂိုးသွင်းအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပြီး တန်ဟက်ဂျ်ကတော့ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းပြသမှုတွေရှိလာမယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ ကာတာမှာ ၃ ဂိုးအထိ သွင်းယူခဲ့ပြီး ခြေစွမ်းပြခဲ့သလို ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာလည်း ကောင်းမွန်တဲ့ သွင်းဂိုးတဂိုးရယူနိုင်ခဲ့ပါသေးတယ်။ 

"သူက တရာသီကို ပရီးမိးယားလိဂ်ဂိုး ၂၀ လောက် သွင်းယူနိုင်တဲ့ အရည်အသွေးရှိတယ်လို့ ထင်တယ်၊ ကမ္ဘာ့ဖလားမှာ သူ ၃ ဂိုးအထိ ရခဲ့ပြီးတော့ ပရီးမီးယားလိဂ်မှာလည်း သူလုပ်ပြနိုင်စွမ်းရှိပါတယ်၊ ကျနော်တို့ တိုက်စစ်ပိုင်းမှာ ပြသနာအများကြီးမရှိပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က